မြန်မာကို အာဆီယံ ထောက်ခံ


2018.08.02
asem-foreign-minister-meeting-622.jpg ၁၃ ကြိမ်မြောက် ASEM နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်မှာ နိုဝင်ဘာလ ၂၀ ရက်နေ့က ကျင်းပစဉ်
Photo: Ministry of Foreign Affairs Myanmar's facebook

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်ပွားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လွတ်လပ်သော စုံစမ်းရေးကော်မရှင် ဖွဲ့စည်းခဲ့မှုအပါအဝင် မြန်မာအစိုးရရဲ့ လက်ရှိလုပ်ဆောင်မှုတွေကို အာဆီယံအဖွဲ့က ကြိုဆိုလိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးရဲ့ သြဂုတ်လ ၂ ရက်နေ့ မနေ့က ထုတ်ပြန်ကြေညာချက်မှာ အခုလို ဖော်ပြလိုက်တာဖြစ်ပါတယ်။

အဲဒီ အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။ အာဆီယံ အစည်းအဝေး ထုတ်ပြန်ချက်မှာ မြန်မာ အစိုးရက လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တစ်ခု အခုလိုဖွဲ့စည်းခဲ့တာကိုကြိုဆိုကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို အာဆီယံက ဆက်လက်ထောက်ခံအားပေးမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ  ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ နေရပ်စွန့်ခွာလာခဲ့ရသူတွေ ကို ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဖြစ်ကြတဲ့ UNHCR နဲ့ UNDP အဖွဲ့အစည်းတွေအကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့မှုနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအကြား သဘောတူညီမှု ချုပ်ဆိုနိုင်ခဲ့တာတွေကိုလည်း ကြိုဆိုပါကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် အဲဒီလို နေရပ်စွန့်ခွာ ရောက်ရှိနေသူတွေ ရခိုင်ပြည်နယ်ကို လုံခြုံစိတ်ချစွာနဲ့ ဂုဏ်သိက္ခာရှိစွာ ပြန်လည်နေ ထိုင်ရေး လုပ်ငန်းစဉ်ကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အမြန်ဆုံးစတင်ဖို့ အရေးကြီးကြောင်းနဲ့ ပဋိပက္ခတွေဖြစ် ပွားရတဲ့ အကြောင်းရင်းတွေကို ဖော်ထုတ်ပြီး သက်ဆိုင်ရာ အသိုင်းအဝန်းတွေကို  သူတို့ရဲ့လူမှုဘဝတွေ ပြန်လည် တည်ဆောက်နိုင်ရေးအတွက် အဖြေရှာ ဖြည့်စည်းပေးဖို့ လိုအပ်ပါကြောင်း စသဖြင့် အာဆီယံရဲ့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

အဲဒီ ကြေညာချက်မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲခြင်းမပြုဘဲ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာ လာခဲ့ရသူတွေ (displaced persons from Rakhine State) ဆိုတဲ့ စကားလုံးကိုပဲ သုံးစွဲဖော်ပြထား တာ မြင်ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။