အာဆီယံ လူမှုအဖွဲ့အစည်း ညီလာခံနဲ့ ပြည်သူ့ဖိုရမ် အစည်းအဝေးများ စတင်ကျင်းပ
2014.03.21

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက အရပ်ဖက် လူမှု အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ အာဆီယံ အရပ်ဘက် လူမှုအဖွဲ့အစည်း ညီလာခံနဲ့ အာဆီယံ ပြည်သူ့ဖိုရမ် အစည်းအဝေးကို ရန်ကုန်မြို့ ၊ မြန်မာကွန်ဗန်ရှင်းစင်တာမှာ ဒီနေ့ စတင်ကျင်းပခဲ့ ပါတယ်။
အာဆီယံ ပြည်သူ့ဖိုရမ် ဖွင့်ပွဲအခမ်းအနား အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပေးပို့တဲ့ သဝဏ်လွှာကို သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖတ်ကြားခဲ့ပါတယ်။
"မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ နီးပါးကြာ ပြည်တွင်း စစ်ကို အဆုံးသတ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ပြင်ဆင်နေချိန်ဖြစ်ကြောင်း၊ နောက်ထပ် အရေးကြီးတဲ့စိန်ခေါ်မှုဟာ တိုင်းပြည်ရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ပြည်သူအများစု လက်လှမ်းမီ ပါဝင်ခံစားနိုင်ရေးဖြစ်ကြောင်းနဲ့ ပြည်သူတွေရဲ့ဘဝတွေ တိုးတက်နေတာတွေကို တွေ့ရပေမဲ့ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားနေသေးကြောင်း" ပြောခဲ့တာ ဖြစ်ပါတယ်။
အခမ်းအနားမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား နာယက ဦးတင်ဦးက သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။
"မြန်မာပြည်သူအများစုဟာ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုဒဏ်တွေကို ခံစားနေရပြီး၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ ဓါးစားခံ အများဆုံးဖြစ်နေကြောင်း၊ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂက ပြဌာန်းထားတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး နိုင်ငံတကာစာချုပ်ကို လက်မှတ်ရေး ထိုးထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာ ဖို့၊ ပိုမိုအကာအကွယ်ပေးဖို့လည်း လိုအပ်နေသေးကြောင်း” NLD နာယက သူရဦးတင်ဦးက ပြောကြားခဲ့တာပါ။
မတ်လ ၂၁ ရက်မှ ၂၃ရက်ထိ ၃ရက်ကြာ ကျင်းပပြုလုပ်မယ့် အာဆီယံ ပြည်သူ့ဖိုရမ်မှာ အာဆီယံဒေသတွင်း နိုင်ငံတွေမှာဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ လူကုန်ကူးမှု အခြေအနေတွေ၊ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုတွေ စတဲ့ခေါင်းစဉ် ၂၇ မျိုးကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မစန်းမော်အောင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။