ရခိုင်ပြည်နယ်ပြဿနာပြေလည်ရေး အာဆီယံဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေး
2019.03.14

အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်း ဟာ အခုလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့မှာ မြန်မာနိုင်ငံကိုသွားခဲ့ပြီး၊ ရိုဟင်ဂျာတွေပြန်ခေါ်နိုင်မယ့်ကိစ္စ အပါအဝင် နှစ်နိုင်ငံစီးပွားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက မနေ့ကထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် အာဆီယံအသင်းကြီးရဲ့ လူသားချင်းစာနာမှုနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေးဌာန၊ ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေပြန်လာရေးနဲ့ နေရာချထားရေး အခြေအနေတွေကို မတ်လ ၄ ရက်နေ့ကနေ ဒီနေ့ မတ်လ ၁၃ ရက်နေ့ထိ လေ့လာအကဲခတ်ခဲ့ပြီး၊ မြန်မာအစိုးရက ပံ့ပိုးကူညီတယ်လို့ ဆိုပါတယ်။ ဒုက္ခသည်ပြန်ခေါ်ရေးအစီအစဉ် အောင်မြင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာကြား စေ့စပ်ညှိနှိုင်း ထားတွေ အဆင်ပြေချောမွေ့အောင် အာဆီယံဥက္ကဋ္ဌအနေနဲ့ ကြားဝင်ကူညီမယ်လို့လည်းဆိုပါတယ်။
ရခိုင်ပြည်နယ်တည်ငြိမ်ရေးနဲ့ နှစ်ဖက်လူ့အဖွဲ့အစည်းအားလုံး ခွင့်တူညီမျှရဖို့အတွက် စီးပွားရေးမှာ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုတွေဖြစ်လာအောင် အားပေးမြှင့်တင်ရမယ်ဆိုတဲ့ ထိုင်းနိုင်ငံရဲ့ယူဆချက်ကို မြန်မာဘက်ကလည်း သဘောတူတယ်လို့ဆိုပါတယ်။