အာဆီယံထိပ်သီးညီလာခံအတွက် လုံခြုံရေး တိုးမြှင့်
2014.11.09

နေပြည်တော်မှာ ကျင်းပမယ့် ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကို တက်ရောက် မယ့် နိုင်ငံ့ခေါင်းဆောင်တွေ ရန်ကုန်မြို့ကို ဒီနေ့ စတင်ရောက်ရှိနေပြီဖြစ်တာကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ရန်ကုန်တိုင်းအတွင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ချထားပါတယ်။
အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေ လည်း ရှိတာကြောင့် အာဆီယံထိပ်သီးအစည်းအဝေး မှာ လုံခြုံရေးမကျိုးပေါက်နိုင်ဖို့ ရဲတပ်ဖွဲ့ဝင်အင်အား ထပ်တိုးချထားတာလို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲမှူးချုပ် စိုးမြင့်က ပြောပါတယ်။
"၂၅ ကြိမ်မြောက် အာဆီယံ ဆက်စပ် အစည်းအဝေးတွေလုပ်ပြီလေ၊ ဒီအစည်းအဝေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ဒါပေမဲ့ အယ်လ်ကိုင်းဒါး ဒုတိယခေါင်းဆောင် ကြေညာ ချက်နဲ့ပဲဖြစ်ဖြစ် ကျနော်တို့ ခြိမ်းခြောက်မှှုတွေ ရှိလာနိုင်တဲ့ အတွက် လေဆိပ်တွေ၊ ဆိပ်ကမ်းတွေ နောက်နိုင်ငံတကာဝင်ပေါက် ထွက်ပေါက်တွေမှာ လိုအပ်တဲ့ စစ်ဆေးမှှုတွေ လုပ်ပါတယ်၊ ကျန်တဲ့တက်ရောက်လာမယ့် အစည်းအဝေး ကိုယ်စားလှယ်တွေကိုတော့ သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေအသီးသီး တာဝန်ပေးအပ်ပြီးတော့ လုပ်ပါတယ်၊ ရန်ကုန်မြို့ ကတော့ နိုင်ငံတကာ ဝင်ပေါက်တစ်ခုလည်းဖြစ်တယ်၊ နိုင်ငံတကာ လေဆိပ်လည်းရှိတဲ့အတွက် လူကြီး ညများလည်း တထောက်နားမဲ့နေရာဖြစ်သလို တခြားသောနိုင်ငံတကာဧည့်သည်တွေ ဝင်ထွက်နေ မှာ ဖြစ်သည့်အတွက် ဒီမှာတော့ သင့်တင့်လျောက်ပက်တဲ့ လုံခြုံရေးအစီအမံတွေ ဆောင်ရွက်ထား ပြီးဖြစ်ပါတယ်"
နေပြည်တော်တဝိုက်က လုံခြုံရေးချထားမှုအခြေအနေကို ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးထားပြီး အစည်း အဝေးတက်ရောက်မယ့် နိုင်ငံ့ခေါင်းဆောင်တွေရဲ့ လုံခြုံရေးကို သက်ဆိုင်ရာလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက တာဝန်ယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို နေပြည်တော်မှာ ဒီနေ့ကစတင် ကျင်းပနေ ပြီဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဧည့်စာရင်းစစ်ဆေးဖို့ ညွှန်ကြားချက် ထုတ်ထားတယ်လို့ သိရပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှာ RSO ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအကြမ်းဖက် လက်နက်ကိုင် အဖွဲ့က ဖောက်ခွဲရေးသမား ၄ ဦး ရောက်ရှိနေတယ်ဆိုပြီး သတင်းထွက်ပေါ်နေတာကြောင့် ရဲတပ်ဖွဲ့က အဲဒီ ၄ ဦးရဲ့ ဓါတ်ပုံပါစာရွက်တွေကို နေရာအတော်များများမှာ ကပ်ထားပါတယ်။
ရဲမှူးချုပ်စိုးမြင့်ကို RFA သတင်းထောက် မဝေယံမိုးမြင့် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။