အာဆီယံ အတွင်းရေးမှူးချုပ် မောင်တော သွားရောက်လေ့လာ
2018.12.17

အာဆီယံ အတွင်းရေးမှူးချုပ် Lim Jock Hoi နဲ့ ဒုတိယ အတွင်းရေးမှူးချုပ် Kung Phoak တို့ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို ဒီနေ့ သွားရောက်လေ့လာခဲ့ပါတယ်။
အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ အဖွဲ့ဟာ နေရပ်စွန့်ခွာဒုက္ခသည်တွေအရေး အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့အတွက် ပဏာမ လာရောက်လေ့လာတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့် က ပြောပါတယ်။
ဒီနေ့ ညနေပိုင်းက ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်တဲ့ ပြည်နယ်အစိုးရအဖွဲ့နဲ့ သီးသန့်တွေ့ဆုံခဲ့ရာမှာ မောင်တောဒေသမှာ အာဆီယံက ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စအချို့ကို ပြည်ထောင်စုအစိုးရနဲ့ ဆက်လက်ဆွေးနွေးပြီး ဆောင်ရွက်မယ့်အကြောင်း ပြောဆိုသွားတယ်လို့လည်း ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
တစ်ဘက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ရောက်ရှိနေတဲ့ နေရပ်စွန့်ခွာသူတွေကို လက်ခံမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ အဖွဲ့ဟာ မောင်တောမြောက်ပိုင်းက တောင်ပြို၊ ငါးခူရနဲ့ လှဖိုးခေါင် စခန်းတွေကိုလည်း သွားရောက်လေ့လာခဲ့တာဖြစ်ပါတယ်။
အဲဒီစခန်းတွေကအပြန်မှာတော့ ရွှေစားကျေးရွာဘက်ကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒီခရီးစဉ်နဲ့အတူ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (AHA Centre) ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးနဲ့ မြန်မာအစိုးရဘက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဒု ဝန်ကြီး ဦးစိုးအောင်တို့လည်း အတူလိုက်ပါခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ဒုတိယပတ်က စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲကနေ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေး ဆောင်ရွက်မှုတွေအပေါ် ထောက်ခံအားပေးပြီး စနစ်ကျတဲ့ ပူးပေါင်းပါဝင်မှုတွေကို ဆောင်ရွက်ဖို့ သဘောတူ ဆုံးဖြတ်ခဲ့တဲ့နောက်ပိုင်း အခုလို လာရောက်လေ့လာတာဖြစ်တယ်လို့ သိရပါတယ်။
အာဆီယံ အတွင်းရေးမှူးချုပ် Lim Jock Hoi နဲ့ အဖွဲ့ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကို ဒီနေ့ သွားရောက်ခဲ့ပြီး ပြန်လည်လက်ခံရေးကိစ္စတွေ ဆောင်ရွက်ထားမှုနဲ့ပတ်သက်ပြီး လေ့လာခဲ့ကြပါတယ်။
ပြန်လည်လက်ခံရေးစခန်းတွေဖြစ်တဲ့ တောင်ပြိုလက်ဝဲ နဲ့ ငါးခူရစခန်းတွေအပြင် လှဖိုးခေါင်ကြားစခန်းကိုပါ သွားရောက်ခဲ့ကြကြောင်း မောင်တော ဒုတိယ ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထူး က RFA ကို ပြောပါတယ်။
"ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်ထားတဲ့အပိုင်းတွေကို လိုက်ကြည့်တာပေါ့နော်၊ ပထမဆုံးတော့ တောင်ပြိုလက်ဝဲ လက်ခံရေးစခန်း ကြည့်တယ်၊ ပြီးတော့ ငါးခူရပေါ့၊ ပြီးရင် လှဖိုးခေါင်ကြားစခန်း အဲမှာ စီစဉ်ထားတဲ့အပိုင်းတွေကို ပြတယ်၊ ပြီးတော့ ကျနော်တို့ ရွှေစား အောင်ဗလ စာသင်ကျောင်းမှာ ရခိုင်ရယ်၊ ဟိန္ဒူရယ်၊ မွတ်စလင်ရယ်ပေါ့ တွေ့ပြီးတော့ သူတို့ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေ မေးတာပေါ့"
ဒီခရီးစဉ်မှာ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (AHA Centre) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး နဲ့ မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုးအောင် တို့လည်း လိုက်ပါခဲ့ကြတယ်လို့ သိရပါတယ်။
အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ အဖွဲ့ရဲ့ မောင်တောခရီးစဉ်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် က အခုလို ပြောပါတယ်။
"ကျနော်တို့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံတွင်းမှာ နေထိုင်ခဲ့ဖူးရင် ပြန်လည်လက်ခံမယ်၊ အဲဒီဖြစ်စဉ်ကို ပိုမိုလျင်မြန် လာအောင် ပြန်လာသူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံအောင် ဝိုင်းဝန်းဆောင်ရွက်ကြတယ်ဆိုရင် ကျနော်တို့ ကြိုဆိုပါတယ်၊ မဟုတ်ဘဲ ကျနော်တို့ရဲ့ အားနည်းချက်တွေကို လာကြည့်ရုံ သက်သက်ပဲဆိုရင်တော့ ကျနော်တို့ နိုင်ငံအတွက်တော့ ရေရှည်မှာ ထိခိုက်မှုရှိလာနိုင်တာပေါ့ "
အဲဒီအဖွဲ့ဟာ မောင်တောခရီးစဉ်အတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုနဲ့လည်း သီးသန့် တွေ့ဆုံခဲ့ကြပြီး မောင်တောဒေသမှာ အာဆီယံက ပူးပေါင်းဆောင်ရွက်မယ့် အခြေအနေတွေကို ပြည်ထောင်စုအစိုးရနဲ့ ဆက်လက် ဆွေးနွေးဆောင်ရွက်မယ့်အကြောင်း ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် အကြမ်းဖက် ရက်စက်ခဲ့တာတွေနဲ့ပတ်သက်ပြီး မြန်မာအစိုးရခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံနိုင်ငံများ အဖွဲ့အနေနဲ့ ဖိအားပေးကြဖို့ မလေးရှား ဝန်ကြီးချုပ် မဟာသီယာမိုဟာမက် က မနေ့က ထိုင်းအခြေစိုက် နေရှင်းသတင်းစာနဲ့ တွေ့ဆုံမေးမြန်းရာမှာ ဖြေကြားလိုက်ပါတယ်။
တစ်ဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ တစ်ချိန်က စစ်အာဏာရှင်ကို တိုက်ပွဲဝင်ခဲ့သူဖြစ်ပေမယ့် အခု အစိုးရအဖွဲ့ဝင်တစ်ယောက် ဖြစ်လာချိန်မှာတော့ စစ်တပ်အပေါ် တစ်စုံတစ်ရာ သြဇာလွှမ်းမိုးမှု မရှိဘူးလို့လည်း မဟာသီယာက ပြောကြားလိုက်ပါတယ်။
ဝန်ကြီးချုပ် မဟာသီယာရဲ့ ပြောကြားချက်မှာ ရှေ့နောက်မညီသလို သူတို့ရဲ့ ပြည်တွင်းနိုင်ငံရေး အကျိုးအမြတ် တစ်ခုအတွက် ပြောတယ်လို့ပဲမြင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့် က အခုလို သုံးသပ်ပြပါတယ်။
"သူ့ရဲ့ ရှေ့စကားနဲ့ နောက်စကားက ဆန့်ကျင်နေတယ်လို့ ထင်ပါတယ်၊ စစ်တပ်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က လွှမ်းမိုးမှု မရှိဘူးလို့လည်း တစ်ဖက်က စွပ်စွဲတယ်၊ စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ သူကတားဆီးမှု မလုပ်ခဲ့လို့လည်း သူ့မှာတာဝန်ရှိတဲ့အတွက် အာဆီယံအဖွဲ့က အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းတယ်ဆိုတော့ ဒီ ၂ ခုက ဆန့်ကျင်နေတယ်လို့ မြင်တယ်၊ သူ့လုပ်ပိုင်ခွင့် မရှိတဲ့ဟာအတွက် သူ့မှာ တာဝန်မရှိပါဘူး၊ အဲဒါကို အရေးယူမယ်ဆိုရင် စစ်တပ်ကတော့ ထိခိုက်မှာ မဟုတ်ဘူး၊ ပြည်သူတွေပဲ ထိခိုက်မှာပါ၊ ဒေါက်တာ မဟာသီယာရဲ့ ဆောင်ရွက်ချက်တွေဟာ သူတို့ရဲ့ ပြည်တွင်းနိုင်ငံရေးအတွက် အကျိုးအမြတ်တစ်ခု လိုအပ်ချက်အရ ပြောတယ်လို့ပဲ ကျနော်တို့တော့ သဘောပေါက်ပါတယ်"
ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခတွေဖြစ်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ဒုက္ခသည် တွေ ပြန်လည်လက်ခံရေးကိစ္စဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ရွေးကောက်ပွဲပြီးမှပဲ ဆက်လက်ဆောင်ရွက်မယ့် အခြေ အနေ ရှိနေတာကြောင့် လာမယ့် ဇန်နဝါရီလအတွင်းမှပဲ ပြန်လည်လက်ခံရေးတွေ စတင်နိုင်မယ်လို့ မျှော်လင့် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
မောင်တောဒေသကို အာဆီယံအဖွဲ့ လာရောက်လေ့လာတာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၃၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ရခိုင်မှာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးနဲ့ ပြန်လည် နေရာချထားရေး ဆောင်ရွက်မှုတွေအပေါ် ထောက်ခံအားပေးပြီး စနစ်ကျတဲ့ ပူးပေါင်းပါဝင်မှုတွေကို ဆောင်ရွက်ဖို့ သဘောတူခဲ့တာကြောင့် လာရောက်ကြတာလည်း ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင်နဲ့ မသီရိမင်းဇင် ပေးပို့တာပါ။