အာဆီယံအထူးသံရဲ့ မြန်မာခရီးစဉ် အဆင်ပြေအောင် ဆောင်ရွက်ဖို့ အီးယူနဲ့ ၈ နိုင်ငံ ပူးတွဲတောင်းဆို

2021.10.15
အာဆီယံအထူးသံရဲ့ မြန်မာခရီးစဉ် အဆင်ပြေအောင် ဆောင်ရွက်ဖို့ အီးယူနဲ့ ၈ နိုင်ငံ ပူးတွဲတောင်းဆို အာဆီယံအထူးသံတမန် အာရီဝမ်ယူစွတ်။
File Photo: Reuters

အာဆီယံအထူးသံတမန် အာရီဝမ်ယူစွတ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်တွေ အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်အားလုံးနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံနိုင်အောင် ဆောင်ရွက်ပေးဖို့ ဗြိတန်၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ တီမော၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ ပူးတွဲပြီး မြန်မာစစ်တပ်ကို တောင်းဆိုလိုက်ပါတယ်။

လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ခွင့်ပြု၊ မပြု ဆိုတာနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင် ၉ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး‌တွေ အွန်လိုင်းကတစ်ဆင့် ဆွေးနွေးကြမယ့်အချိန် မတိုင်ခင်မှာပဲ အခုလို တောင်းဆိုလိုက်တာပါ။

အာဆီယံအထူးသံတမန်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ပံ့ပိုးကူညီဖို့အတွက် အခုလို တောင်းဆိုတာလို့ ဥရောပသမဂ္ဂ EU က ဒီနေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံက ဆိုးရွားတဲ့အခြေအနေကြောင့် ပြည်သူတွေကို ဆိုးဆိုးဝါးဝါး ထိခိုက်နေတဲ့အပြင်၊ ဒေသတွင်းတည်ငြိမ်မှုကိုပါ ထိခိုက်လာမယ့် အရေးကို အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း၊ အကျပ်အတည်းကို ငြိမ်းချမ်းပြီး အကြမ်းမဖက်တဲ့နည်းနဲ့ ဖြေရှင်းပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လာဖို့ အရေးတကြီး လိုအပ်နေကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာစစ်ကောင်စီအနေနဲ့ အာဆီယံအထူးသံတမန်နဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်ပြီး အာဆီယံ သဘောတူညီချက် ၅ ရပ်ကို ပြီးပြည့်စုံအောင် အလျင်အမြန် အကောင်အထည်ဖော်ဖို့ ကြေညာချက်မှာတောင်းဆိုထားပါတယ်။ ဒါ့ပြင် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်သူအားလုံးနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းတွေရဲ့ လုံခြုံရေး၊ အကူအညီတွေ ပေးပို့ရာမှာ အတားအဆီးမရှိ လွယ်ကူချောမွေ့စေဖို့၊ နိုင်ငံခြားသားတွေ အပါအဝင် မတရားဖမ်းဆီးချုပ်နှောင်ထားသူတွေကို ချက်ချင်းလွှတ်ပေးဖို့…စတဲ့အချက်တွေကိုလည်း ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။