တိုက်ခိုက်မှုတွေရပ်စဲဖို့ မြန်မာကို အာဆီယံတိုက်တွန်း
2023.11.15

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ဖို့အတွက် ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံး တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းပြီး စိတ်ရှည်သည်းခံကြဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဒီနေ့ ကျင်းပတဲ့ အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးကနေ တိုက်တွန်းလိုက်ပါတယ်။
အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး Prabowo Subianto က မြန်မာပြည်ရဲ့ တစ်နေ့တခြား ယိုယွင်းလာနေတဲ့ အခြေအနေတွေကို မိမိတို့ အထူးစိုးရိမ်ပူပန်ကြောင်း ပြောကြားရင်း တစ်ဆက်တည်းမှာပဲ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာပြည်ရဲ့ ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ဝိုင်းဝန်းအဖြေရှာကြပါလို့ ပြောကြားခဲ့ပါတယ်။
အာဏာသိမ်း စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးကိုတော့ ဒီကနေ့ အစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ခြင်း မရှိခဲ့ပါဘူး။
အာဆီယံအဖွဲ့က ဆုံးဖြတ်ထားတဲ့ သဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတာကြောင့် မြန်မာစစ်ကောင်စီ ခေါင်းဆောင်တွေကို အာဆီယံထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။
အာဆီယံ ကာကွယ်ရေး ဝန်ကြီးတွေရဲ့ ဒီကနေ့ ပူးတွဲကြေညာချက်မှာ စစ်ကောင်စီအနေနဲ့ ၂ဝ၂၁ ခုနှစ်က ချမှတ်ခဲ့တဲ့ အဲဒီဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့လည်း ထပ်မံ တိုက်တွန်းထားပါတယ်။
အခုလို အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောဆိုထုတ်ပြန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုန့်ပြန်ချက်ကို လတ်တလော မသိရှိရသေးပါဘူး။