မြန်မာ့အရေး အမေရိကန်နဲ့ အင်ဒိုနီးရှား အလေးပေးဆွေးနွေး

မြန်မာ့အရေး ချည်းကပ်မှုတွေ အပါအဝင် ဒီနှစ်အတွင်း အာဆီယံက အလေးထားဆောင်ရွက်မယ့် ကိစ္စရပ်တွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နို မာဆူဒီတို့ မနေ့ကတယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီနှစ်အတွင်း အာဆီယံ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မယ့် အင်ဒိုနီးရှားရဲ့ အခန်းကဏ္ဍကို ထောက်ခံအားပေးသွားမယ်လို့ အမေရိကန်က ပြောပါတယ်။
လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသဖြစ်ရေးမှာ အာဆီယံက အရေးပါပြီးတော့၊ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းက သာယာဝပြောရေးနဲ့ လုံခြုံရေး ရရှိဖို့ နည်းလမ်းတစ်ခုဖြစ်တယ်လို့လည်း ဝန်ကြီး အန်တိုနီဘလင်ကန်က ဆွေးနွေးခဲ့ပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့အတွက် သက်ဆိုင်သူအားလုံးပါဝင်တဲ့ တစ်နိုင်ငံလုံးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာအောင် အဓိက ကြိုးပမ်းသွားမယ်လို့ အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံက ပြောဆိုထားပါတယ်။ ဒီလိုဖြစ်လာဖို့ သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံသွားမယ်လို့လည်း ဆိုပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးရအောင် အင်ဒိုထိပ်တန်းဗိုလ်ချုပ်တစ်ယောက်ကို မြန်မာနိုင်ငံ စေလွှတ်မယ်လို့ အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒိုကလည်း ပြောဆိုထားပါတယ်။