အာဆီယံကိုယ်စားလှယ် မြန်မာပြည်ရောက်ဖို့ရှိ

2021.10.11
အာဆီယံကိုယ်စားလှယ် မြန်မာပြည်ရောက်ဖို့ရှိ
အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof ကို တွေ့ရစဉ်

မြန်မာအရေးအတွက် ခန့်အပ်ခံထားရတဲ့ အာဆီယံအထူးကိုယ်စားလှယ် အယ်ရီဝမ်ယူစွပ်ဟာ နေပြည်တော်ကို အောက်တိုဘာ ၁၂ ရက်နေ့ ရောက်ရှိဖို့ စီစဉ်ထားပြီး နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံမယ်လို့ သတင်းရရှိပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက သူ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေး၊ မပေး ဆိုတာတော့ မသိရသေးပါဘူး။

တရားရင်ဆိုင်နေရတဲ့သူတွေနဲ့ တွေ့ခွင့်မပေးနိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ NLD ပါတီခေါင်းဆောင်တွေကို ရည်ညွှန်းပြီး စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကိုပြောထားပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၉၃ ပါတီရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဝက်ဆိုက်စာမျက်နှာမှာ ဖော်ပြထား ပါတယ်။ ဒါကြောင့် ၉၃ ပါတီထဲက ဘယ်နှပါတီကိုပဲ ရွေးချယ်တွေ့ခွင့်ပြုမယ်ဆိုတာလဲ အခုမနက်မှာတော့ တိတိကျကျ ထုတ်ပြန်ကြေညာတာ မရှိပါဘူး။

ကနဦးသတင်းတွေအရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဒေါက်တာအေးမောင် တည်ထောင်ထားတဲ့ ရခိုင့်ဦးဆောင်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီတို့ကို အာဆီယံ ကိုယ်စားလှယ်နဲ့ တွေ့ဖို့ ဖိတ်ကြားထားတယ်လို့ သိရပေမယ့် လောလောဆယ် RFA အနေနဲ့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။

(မှတ်ချက်။ ။ အာဆီယံအထူးကိုယ်စားလှယ် မြန်မာပြည်ရောက်နေပြီ… ဆိုသည့် သတင်းကို အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် ပြင်ဆင်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။