အာဆီယံ လူငယ်နှီးနှောဖလှယ်ပွဲ ရန်ကုန်မှာ ကျင်းပမည်
2014.02.08
မြန်မာလူငယ်တွေနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN အဖွဲ့ဝင်နိုင်ငံတွေက လူငယ်တွေရဲ့ နှီးနှောဖလှယ်ပွဲကို လာမယ့် မတ်လ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူငယ်ကွန်ဂရက်က ဒီနေ့ ပြောလိုက်ပါတယ်။
လူငယ်တွေ ကဏ္ဍအတော်များများမှာ ဦးဆောင်ပါဝင်လာနိုင်ဖို့ ရည်ရွယ်ပြီး အဲဒီလို လူငယ်နှီးနှောဖလှယ်ပွဲတွေကို ကျင်းပသွားမှာဖြစ်တယ်လို့ ဒီနေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ဒိုင်းမွန်းကွန်ဒိုမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ အမျိုးသားလူငယ်ကွန်ဂရက်အဖွဲ့ဝင် မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးက သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ မချိုမာဝင်းက မြန်မာနိုင်ငံက ပြောပါတယ်။
“လူငယ်တွေကို တိုင်းပြည်အတွက် တကယ်ကို ဦးဆောင်နိုင်တဲ့ကဏ္ဍမှာ စီးပွားရေးပဲဖြစ်ဖြစ်၊ ပညာရေးပဲဖြစ်ဖြစ်၊ လူမှုရေးအပိုင်းပဲဖြစ်ဖြစ် ပတ်သက်တဲ့ ကဏ္ဍအသီးသီးမှာ လူငယ်တွေက တကယ်ကို ဦးဆောင်နိုင်တဲ့ အရည်အချင်းရှိတဲ့လူငယ်တွေ ထွက်ပေါ်လာနိုင်ဖို့ကတော့ ကျမတို့ရဲ့ အဓိကရည်ရွယ်ချက်ပေါ့”
မြန်မာနိုင်ငံသား လူငယ်တွေသာ တက်ရောက်ကြမယ့် လူငယ်တွေ့ဆုံပွဲကို မတ်လ ၃ ရက်နေ့ကနေ ၅ရက်နေ့အထိ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပမှာဖြစ်ပြီး၊ အာဆီယံနိုင်ငံတွေက လူငယ်တွေ့ပါ တက်ရောက်မယ့် နှီးနှောဖလှယ်ပွဲကို မတ်လ ၁၇ရက်နေ့ကနေ ၁၉ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။
အဲ့ဒီအာဆီယံ လူငယ်တွေ့ဆုံပွဲကို ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင် စတဲ့ အာဆီယံနိုင်ငံတွေက လူငယ်ကိုယ်စားလှယ် ၁၅ ဦးစီ တက်ရောက်မှာဖြစ်ပြီး မြန်မာလူငယ်ကိုယ်စားလှယ် အယောက် ၁၀၀ တက်ရောက်မှာ ဖြစ်ပါတယ်။