၂၀၁၄ အာဆီယံ လူငယ်ညီလာခံ စတင်ကျင်းပ


2014.03.17
asean-youth-forum-305.jpg ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ မတ်လ ၁၇ ရက်နေ့ကကျင်းပတဲ့ ၂၀၁၄ အာဆီယံ လူငယ်ညီလာခံကို တက်ရောက်လာတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်(အလယ်) ကို တွေ့ရစဉ်
photo: Kyaw Htoon Naing/RFA

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဒေသ တွင်း နိုင်ငံတွေက လူငယ်တွေရဲ့ အခြေအနေတွေကို တင်ပြဆွေးနွေးနိုင်ဖို့အတွက်၂၀၁၄ အာဆီယံ လူငယ်ညီလာခံကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမမှာ ဒီကနေ့ ကျင်းပပါတယ်။

ညီလာခံဖွင့်ပွဲအခမ်းနားကို တက်ရောက်လာတဲ့ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က လူ့အခွင့်အရေး၊  ဒီမိုကရေစီအရေးနဲ့ ပညာကို တန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်းတွေဖြစ်အောင် လူငယ်တွေ ကြိုးစားပေးကြဖို့  အခမ်းအနား မှာ ပြောကြားခဲ့ပါတယ်။

"ကျနော်တို့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဟာ အာဆီယံနိုင်ငံတွေထဲက လူငယ်တွေအတွက် စုပေါင်းအားထုတ်ရမယ့်အရာလို့ ကျနော်နားလည်ပါတယ်၊ ကျနော်တို့ အာရှသားတွေ အထူးသဖြင့် အရှေ့တောင်အာရှ ၁ဝ နိုင်ငံမှာ ပညာကိုတန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် လက်ရုံးရည်ထက် နှလုံးရည်ကို တန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် အဲဒီမျိုးဆက်လူငယ်တွေ တစ်ညီတစ်ညွှတ်တည်း ရုန်းကန်ပေးကြပါ"

မြန်မာလူငယ်တွေနဲ့ အာဆီယံနိုင်ငံ ၉ နိုင်ငံက ကိုယ်စားလှယ် တစ်ရာကျော် တက်ရောက်တဲ့ ၂၀၁၄ အာဆီယံ လူငယ်ညီလာခံ ဖွင့်ပွဲအခမ်းနားကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။ လာမယ့်မေလမှာ ကျင်းပမယ့် အာဆီယံထပ်သီးဆွေးနွေးပွဲမှာ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ လူငယ်အယောက် ၂၀ ကို ဒီညီလာခံကနေ ရွေးချယ်သွားမှာဖြစ်တယ်လို့ ညီလာခံဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ ကိုသက်ဆွေဝင်းက  ပြောပါတယ်။

"အာဆီယံလူငယ်ဖိုရမ်ပေါ့ဗျာ လူငယ်ကိုယ်စားလှယ် အယောက် ၂ဝ ကို အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေကို ၄၅ မိနစ်ခန့်တွေ့မယ်၊ Interface တွေလည်းရှိပါတယ်၊ အဲဒီ Interface တွေအတွက်ကို အာဆီယံက သူငယ်ချင်းတွေရော မြန်မာနိုင်ငံက သူငယ်ချင်းတွေရော ကျနော်တို့ ဒီတွေ့ဆုံပွဲမှာ သေသေချာချာ ဆွေးနွေးပေးစေလိုပါတယ်"

အာဆီယံ လူငယ်ညီလာခံကို မတ်လ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပြီး၊ ညီလာခံ နောက်ဆုံးနေ့မှာ ထုတ်ပြန်မယ့် ကြေညာချက်ကိုလည်း အာဆီယံ ထိပ်သီးအစည်းအဝေးမှာ တင်သွင်းဆွေးနွေးမယ်လို့လည်း ညီလာခံဖြစ်မြှောက်ရေးကော်မတီက ပြောပါတယ်။

လူငယ်ညီလာခံနဲ့ ပတ်သက်ပြီး မဇင်မာဝင်း သတင်းပေးပို့ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။