မွန်ပြည်သစ်ပါတီစစ်သင်တန်းကျောင်းကို လှူဒါန်းမှုအတွက် နယ်လုံဝန်ကြီး သတိပေး
2018.09.12

အပစ်ရပ် NCA လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ ဌာနချုပ်က စစ်သင်တန်းကျောင်းကို ရိက္ခာပစ္စည်း သွားရောက်လှူဒါန်းခဲ့တဲ့ မွန်သံဃာတော် ဦးဥက္ကံသ(ခေါ်) ဦးဇင်းဇော်လတ်ကို လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက သတိပေးခဲ့တယ်လို့ သိရပါတယ်။
နယ်လုံဝန်ကြီးရဲ့ ညွှန်ကြားချက်နဲ့ ချောင်းဆုံမြို့နယ် သာသနာရေးဦးစီးမှူးက မနေ့က လာရောက်သတိပေးခဲ့ တာဖြစ်ကြောင်း၊ ဒါပေမဲ့ မွန်ပြည်သစ်ပါတီကို လှူဒါန်းတာဟာ အမျိုးသားရေးအတွက် လှူဒါန်းတာဖြစ်ပြီး အစိုးရကိုဆန့်ကျင်တာမဟုတ်ကြောင်း ဆရာတော် ဦးဥက္ကံသ က RFA ကို ဒီနေ့ မိန့်ကြားပါတယ်။
"အမျိုးသားရေးအတွက် လှူဒါန်းတာဖြစ်တယ်၊ ဦးဇင်းတို့က အစိုးရကိုဆန့်ကျင်တဲ့သဘောနဲ့ လှူဒါန်းတာ မဟုတ်ဘူး၊ ဒီအပေါ်မှာ ဦးဇင်းတို့က NCA လက်မှတ်ထိုးတဲ့အချိန်မှာ ငြိမ်းချမ်းရေးကဏ္ဍလုပ်နေတဲ့အချိန်မှာ ဒီပရဟိတလုပ်ငန်းတွေက ပွင့်ပွင့်လင်းလင်းထင်ထင်သာသာ လုပ်လိုရတယ်လို့ ယုံကြည်လို့ သွားရောက် လှူဒါန်းတာဖြစ်တယ်၊ ဒီလိုပိတ်ပင်တာ လုံးဝမဖြစ်သင့်ဘူး၊ ဒီအပေါ်မှာ လုံးဝလက်မခံနိုင်ဘူး"
မွန်ပြည်သစ်ပါတီက NCA လက်မှတ်ထိုးထားပေမယ့် အဲဒီဒေသမှာ ငြိမ်းချမ်းရေးအပြည့်အဝ မရသေးတာကြောင့် နယ်လုံဝန်ကြီးက သဘောမကျတဲ့အတွက် လာတားတာလို့ သိရကြောင်း ဆရာတော်က မိန့်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မွန်ပြည်သစ်ပါတီဟာ NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး အစိုးရက မတရားအသင်းကနေ ပယ်ဖျက်ထားပြီးဖြစ်တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
ဦးဇင်းဇော်လတ်ဟာ မွန်လူမျိုးတွေအတွက် ပညာရေး၊ လူမှုရေးနဲ့ သဘာဝဘေးဖြစ်တဲ့နေရာတွေမှာ ပရဟိတ သွားရောက်လှူဒါန်းနေတဲ့ ဆရာတော်ဖြစ်ပါတယ်။
ဦးဥက္ကံသဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလက မော်လမြိုင်မြို့မှာ ဦးဆောင်ဆန္ဒပြခဲ့တဲ့ ဆရာတော် တစ်ပါးဖြစ်သလို့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲဆန့်ကျင်ခဲ့တာကြောင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်ခဲ့သူ သံဃာတစ်ပါးဖြစ် ပါတယ်။