အာရှ ပစိဖိတ် ရေအသုံးချရေး ညီလာခံ ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်
2017.12.11

မြန်မာနိုင်ငံမှာ ရေအရင်းအမြစ်တွေ အများကြီး ရှိပြီး ရေအားလျှပ်စစ်တွေ ဖေါ်ထုတ်နိုင်ချေ အတော်အသင့် ရှိတယ်ဆိုပေမယ့် ရေသန့် ရှားပါးပြတ်လတ်မှု မရှိဘူးလို့ မဆိုနိုင်ပါဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ တတိယအကြိမ် အာရှ ပစိဖိတ်ဒေသ ရေအသုံးချရေးဆိုင်ရာ ထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာနဲ့ မြန်မာနိုင်ငံတို့ရဲ့ ရေလိုအပ်ချက်တွေကို ပြောသွားပါတယ်။
၂၀၁၈ ခုကစပြီး လာမယ့် ဆယ်စုနှစ်ရဲ့ ရည်မှန်းချက်က ရေအရင်းအမြစ်တွေကို စနစ်တကျ ထိန်းသိမ်းပြီး မှန်မှန် ဖွံ့ဖြိုးတိုးတက်အောင်လုပ်သွားဖို့ ဖြစ်ကြောင်း ဒီနေရာမှာ ကမ္ဘာက သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေ ပြည့်မီဖို့ အတွက် အဆင့်တိုင်း အဆင့်တိုင်း ပူးပေါင်း ဆောင်ရွက်မှု အားကောင်းပြီး ခိုင်မြဲအောင်လုပ်သွားကြရမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
အာရှနိုင်ငံဒေသဟာ ကမ္ဘာ့အဆင်းရဲဆုံးပြည်သူတွေ နေထိုင်ရာဖြစ်ပြီးတော့ ရေအရင်းအမြစ် စုစုပေါင်းရဲ့ ၈၀ ရာနှုန်းလောက်ဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေအတွက် သုံးနေကြကြောင်း၊ မြန်မာနိုင်ငံမှာဆိုရင်လည်း ရေအရင်းအမြစ် စုစုပေါင်းရဲ့ ၂၁ ရာနှုန်းလောက်ကို လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် သုံးနေကြရကြောင်း လို့လည်း ပြောပါတယ်။
လူတိုင်းအတွက်ရေဟာ မရှိမဖြစ်လိုအပ်သလို နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ရေကြောင့် ထိခိုက်ပျက်စီးမှုများကို လျှော့ချပြီး ရေကိုအခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန် အချက် ၂ ချက်ကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
အဲဒီ ၂ ချက်မှာ ပထမတချက်မှာ ရေကို အခြေခံတဲ့ စီးပွားရေးကို ဖန်တီးသွားဖို့ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ ရေနှင့် ဆက်နွယ်တဲ့ သဘာဝဘေးအန္တရာယ်များ စီမံခန့်ခွဲမှုမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်သွားဖို့ဖြစ်ကြောင်း ပြော ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၅၀ ခုနှစ်မှာ အာရှလူဦးရေ ၃.၄ ဘီလီယံခန့်ဟာ ရေနှင့်စပ်လျဉ်းပြီး အခက်အခဲရှိတဲ့နေရာများမှာ နေထိုင်ရလိမ့်မယ်လို့ ခန့်မှန်းရကြောင်း၊ အာရှ-ပစိဖိတ်ဒေသက လူဦးရေသန်း ၃၀၀ ခန့်မှာ သန့်ရှင်းသော သောက်ရေရရှိခြင်းမရှိကြောင်း၊ ဒါ့အပြင် ဖန်လုံအိမ် အာနိသင်ဖြစ်ပေါ်စေသော ဓာတ်ငွေ့ ထုတ်လွှတ်မှုသည် အခြားဒေသများနှင့် နှိုင်းယှဉ်လျှင် ပိုမိုများပြားလာကြောင်းလည်း ပြောပါတယ်။
ဥတုရာသီ ပြောင်းလဲမှုကြောင့် ပေါ်ထွက်လာတဲ့ ရေကိုအခြေခံပြီး ဖြစ်ပေါ်လာတဲ့ သဘာဝဘေးအန္တရယ်တွေကို ကာကွယ်တိုက်ဖျက်နိုင်ဖို့ ဒေသတွင်းရှိ နိုင်ငံအားလုံးက အစိုးရတွေဟာ လက်ရှိထက် ပိုမိုပြီး မူဝါဒတွေ ချမှတ် လုပ်ဆောင်သွားဖို့ လိုတယ်ဆိုတာ သိသာကြောင်း၊ ဒါပေမဲ့ အာရှဘဏ်ရဲ့ အစီရင်ခံစာတစောင်အရ နိုင်ငံ အနည်းငယ်သာ မှန်ကန်ထိရောက်စွာ လုပ်နိုင်ခဲ့ကြတယ်လို့ သိရကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားသွားပါတယ်။