ကန်ထရိုက် လုပ်ငန်းရှင်များ အေးရှားဝေါလ် ပေးရန် ကျန်ရှိငွေ တောင်းဆို

နေပြည်တော် မြို့တော် စီမံကိန်း အတွက် အေးရှားဝေါလ် ကုမ္ပဏီက ကန်ထရိုက် တာဝန်ယူပြီး တည်ဆောက်ခဲ့ရာမှာ တဆင့်ခံ ကန်ထရိုက်ယူပြီး ပါဝင်ခဲ့တဲ့ တိုင်းရင်းသား လုပ်ငန်းရှင် ဆောက်လုပ်ရေး ကုမ္ပဏီတွေက သူတို့ရဖို့ ကျန်ရှိနေသေးတဲ့ လုပ်အားခတွေနဲ့ ပစ္စည်းတန်ဖိုးငွေတွေ ပေးဖို့ အေးရှားဝေါလ် ကုမ္ပဏီကို တောင်းဆိုလိုက်ကြပါတယ်။

2012.10.09
parliament_election_naypyidaw_305_z.jpg ဆောက်လက်စ လွှတ်တော် အဆောက်အအုံကို မြန်မာ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

လုပ်အားခ နဲ့ ပစ္စည်းတန်ဖိုးတွေ ဆုံးရံှုးနေတဲ့ လုပ်ငန်း ၁၀ ခုက လုပ်ငန်းရှင်တွေ ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်မှာ ရှိတဲ့ City Star ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး တောင်းဆိုခဲ့ကြတာပါ။

နေပြည်တော် ပုဗ္ဗသီရိ ကုတင် ၃၀၀ စီမံကိန်းမှာ ဆောက်လုပ်ရေး လုပ်ပေးခဲ့တဲ့ လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးဝင်းနိုင်က အခုလို ပြောပါတယ်။

"ရရန်ကျန်တဲ့ ငွေကတော့ သိန်း ထောင့်လေးရာခြောက်ဆယ် ဖြစ်ပါတယ်။ ဝယ်သုံးရတဲ့ ပစ္စည်းဖိုးတွေ၊ တချို့ဟာတွေ ပေးဖို့ အများကြီး ကျန်ပါတယ်။ အဲဒါတွေရှင်းဖို့ ကျွန်တော်တို့မှာလည်း အေးရှားဝေါလ်က ပိုက်ဆံမရတော့ ဘယ်လိုမှ မရှင်းနိုင်ဘူး။ ဒီပိုက်ဆံကို ရအောင်လည်း ဘယ်လိုလုပ်ရမလဲ ဆိုတာ စဉ်းစားလို့ မရဘူး ဖြစ်နေတယ်။ ဒါကြောင့်လည်း မီဒီယာနဲ့ တွေ့ရတာ ဖြစ်ပါတယ်။ "

နေပြည်တော်မြို့တော် စီမံကိန်းကို ၂၀၀၄ ခုနှစ်အတွင်း အေးရှားဝေါလ် ကုမ္ပဏီကနေ စတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စီမံကိန်းဆောက်တုန်းက ကုမ္ပဏီငယ်တွေကို တဆင့်ခံ ကန်ထရိုက်တွေငှားရမ်းပြီး ဆောက်လုပ်ရာမှာ လုပ်အားခတွေနဲ့ စိုက်ထားတဲ့ ပစ္စည်းတန်ဖိုးငွေ ၆၅% ရာခိုင်နှုန်းသာ ပေးချေထားတာဖြစ်ပြီး၊ ကျန်ရှိတဲ့ ငွေတွေကိုတော့ အေးရှားဝေါလ် ကုမ္ပဏီဘက်က မပေးတာ တနှစ်ကျော် ရှိပြီလို့ သိရပါတယ်။

တကယ်လို့ အေးရှားဝေါလ် ကုမ္ပဏီက ကျန်တဲ့ငွေတွေကို မပေးဘူးဆိုရင် ဆောက်လုပ်ရေး လုပ်ငန်းရှင် ကုမ္ပဏီ (၁၀) က လာမယ့်  ၃ လအတွင်း ဆန္ဒပြဖို့အထိ စီစဉ်သွားမယ်လို့ ပြောပါတယ်။

ဒီအကြောင်းတွေကို သမ္မတ ဦးသိန်းစိန်၊ နိုင်ငံတော် သမ္မတရုံး၊ အလုပ်သမား ဝန်ကြီးဌာန၊ နေပြည်တော် ကောင်စီ၊ စစ်အင်ဂျင်နီယာ ညွန်ကြားရေးမှူးရုံးနဲ့ အေးရှားဝေါလ် ကုမ္ပဏီတို့ကို တိုင်ကြားစာ ပေးပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။