KNU ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
2012.04.08

RFA
ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ KNU ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နဲ့ အဖွဲ့ကို တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဒီကနေ့ ၂ နာရီလောက် တွေ့ဆုံ ဆွေးနွေး ပြီးတဲ့နောက် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောလိုက်တာပါ။
"ကျွန်မတို့ အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ်ရဲ့ ဦးတည်ချက်ဟာ စစ်မှန်တဲ့ ဒီမိုကရေးစီ ပြည်ထောင်စုဖြစ်တာမို့လို့ တိုင်းရင်းသားများအားလုံးဟာ စုစုစည်းစည်းနဲ့ ဒီဖြစ်စဉ်ထဲမှာ ပါဝင်ရမယ်ဆိုတာ ကျွန်မတို့ရဲ့ ယုံကြည်ချက်လည်း ဖြစ်ပါတယ်။"
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ လက်နက်စွန့်ပြီး နိုင်ငံရေးလောကထဲ ဝင်မဝင် ကိစ္စနဲ့ ပတ်သက်ပြီး KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် နော်စီဖိုးရာစိန်က ကရင်ဘာသာနဲ့ ဖြေဆိုတာကို အဖွဲ့ပြောခွင့်ရ နော်မေဦးက မြန်မာဘာသာပြန်ပြပါတယ်။
"ဘယ်လိုပုံစံနဲ့ ဆက်ပြီး ရပ်တည်သွားမှာလဲ ဆိုတဲ့ဟာက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အများကြီး ပတ်သက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ကျွန်မတို့ လက်ခံနိုင်တဲ့ အနေအထားမှာရှိတယ်ဆိုရင် အဲဒီမေးခွန်းက သူ့ဖာသာ ဖြေသွားပါလိမ့်မယ်။"
KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ပထမဆုံးအကြိမ် မနေ့က တွေ့ဆုံပြီး ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာလည်း ဖြစ်ပါတယ်။