ဒီမိုကရေစီထွန်းကား တည်တံ့ခိုင်မြဲရန် နိုင်ငံရေးအရ ညှိနှိုင်းဖို့လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားဖို့၊ တည်တံ့ခိုင်မြဲဖို့ ဆိုရင် နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ညိနှိုင်းဖြေရှင်း အဖြေရှာဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

2012.08.20
assk-0820-mp2-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များအား ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားနေစဉ်။
RFA

မနေ့ ညနေပိုင်းက တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က -

"ကျွန်မတို့ဒီလို အဖြေသာ လွယ်လို့ရှိလို့ရှိရင် ဒီနိုင်ငံအတွင်းမှာ တိုင်းရင်းသားအဖွဲ့တွေ လက်နက်ကိုင်အဖွဲ့တွေ ဘာတွေ ဆိုတဲ့ပြဿနာ ဘယ်တုန်းကမှ တက်လာမှာ မဟုတ်ဘူး၊ ဒီလိုပြေလည်အောင်လုပ်ဖို့အဖြေပေါ့နော်။ အဖြေတစ်ခု ကျွန်မတို့မှာ မရလို့ဘယ်လိုပြေလည်အောင် လုပ်မလဲဆိုတာ အဲ့တော့ အားလုံးက ဝိုင်းပြီးတော့ ညှိရမှာပဲ။ ကျွန်မတို့ နိုင်ငံမှာပေါ့နော်။ ပြေလည်အောင် ဖြေရှင်းတဲ့ ယဉ်ကျေးမှု မရှိဘူး။ ဟိုပြောရမယ်ဆိုရင် Negotiation culture ပေါ့မရှိဘူး။ အဲဒီလုပ်တဲ့ အလေ့အထ မရှိဘူး။ သူ့အမြင် ကိုယ့်အမြင် တင်ပြတယ်။ အဲဒီ ပုံစံကို အခု ကျွန်မတို့မလုပ်တတ်ဘူး။ အဲတော့ ဒါကို ကျွန်မတို့ အချင်းချင်းတော့ ကျွန်မကဟို လေ့ကျင့်ချင်တယ်"

ဒါ့အပြင် မနေ့က သမ္မတ ဦးသိန်းစိန်ရဲ့ အခြေခံဥပဒေခုံရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်တဲ့ သဝဏ်လွှာအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေအကြား အငြင်းပွားစရာ ဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်ပြီးလည်း ညှိနှိုင်းဖြေရှင်းရေးဟာ အဓိကကျကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်ထဲမှာရှိတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အချင်းချင်း နားလည်မှုရအောင် လုပ်ကြဖို့ လိုအပ်ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"ကျွန်မတို့ ဒါတော့ ပွင့်ပွင့်လင်းလင်း ပြောမယ်နော်။ ကျွန်မတို့ ကိုယ်စားလှယ်တွေကို ကျွန်မတို့ အများကြီး ပြောတယ်။ တပ်မတော် ကိုယ်စားလှယ်တွေနဲ့ တတ်နိုင်သမျှ ခင်မင်အောင် ပေါင်းပါ။ သူ့အမြင် ကိုယ့်အမြင် သိဖို့လိုတယ်။ အဆင်ပြေဖို့ လိုတယ်။ နောက်ဆုံးကျတော့ တပ်မတော် သဘောမတူပဲနဲ့ ဒီနိုင်ငံမှာ ဒီမိုကရေစီစနစ် ဘယ်တော့မှ မခိုင်မြဲနိုင်ဘူး။ အခုဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရကို မခိုင်မြဲနိုင်ဘူး။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရကို တပ်မတော်ရဲ့ သဘောဆန္ဒရှိသ၍သာ ဒီလွှတ်တော်က တည်မှာ။ တခြားဟာတွေ ကျွန်မတို့ ရှည်ရှည်ဝေးဝေး ပြောနေစရာမလိုဘူး။ တပ်မတော် အလိုရှိသလောက်ပဲ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ၊ တပ်မတော် အလိုရှိသလောက်ပဲ ကျွန်မတို့ရဲ့ လွှတ်တော်ရဲ့ သက်တမ်းကရှိမှာ။ အဲတော့ အဲဒီလို ဖြစ်နေတဲ့ အခြေအနေမှာ လက်တွေ့ကျကျ ကျွန်မတို့ တပ်မတော်ကနေပြီးတော့ ဒီမိုကရေစီကို နားလည် လက်ခံလာမှ တကယ့် စစ်မှန်တဲ့ ဒီမိုကရေစီ အုတ်မြစ်ကျွန်မတို့ ချနိုင်မယ်"

အခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ စွပ်စွဲပြစ်တင်နေမယ့်အစား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့ နည်းလမ်းကို အသုံးပြုမယ်ဆိုရင် ပိုမိုကောင်းမယ်လို့ သမ္မတ ဦးသိန်းစိန်က မနေ့က အကြောင်းပြန်ကြားခဲ့တဲ့အပေါ် လွှတ်တော် ကိုယ်စားလှယ်တွေက လက်မခံနိုင်ဘဲ ခုံရုံးတာဝန်ရှိသူတွေ နှုတ်ထွက်ကြဖို့ ဆက်လက် ဆောင်ရွက်မယ်လို့ ပြောဆိုခဲ့ကြပါတယ်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မတ်လက လွှတ်တော်ရေးရာ ကော်မတီတွေကို ပြည်ထောင်စုအဆင့်နဲ့ မညီဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒါဟာ ခုံရုံးအနေနဲ့ ဖွဲ့စည်းပုံ အခြေခံပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်တာဖြစ်ပြီး ဥပဒေအရ ပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်စွာ မထမ်းဆောင်နိုင်တာ ဖြစ်တယ်ဆိုပြီး သြဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထား ရာထူးကနေ အနားယူပေးဖို့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၃၀၀ ကျော်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။