ဒေါ်အောင်ဆန်းစုကြည် ရဟန်းအမအဖြစ် ကုသိုလ်ဒါနပြု
2012.07.29
ရဟန်းခံပွဲကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား NLD မဟာအောင်မြေ မဲဆန္ဒနယ်မြေ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင် တက်ရောက်ခဲ့ပါတယ်။
တန့်ကြည့်တောင် ဆရာတော်က ဧည့်သံဃာ (၄၅) ပါးနဲ့ အတူ ဥပဇ္ဈာယ် ဆရာတော်အဖြစ် ရဟန်းခံပွဲကို တာဝန်ယူ ဆောင်ရွက်ပေးခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
"မနှစ်ကတုန်းက ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပုဂံခရီးမှာ ဝါးကျောင်း ဆရာတော်ကို သွားပြီး ဖူးမြော်ချိန်မှာ ကိုရင်ငယ်လေးပါးကို သူက ပစ္စည်းလေးပါး ဒါယိကာမခံဖို့ အတွက် တာဝန်ယူခဲ့တယ်။ အဲဒီထဲက အကြီးဆုံး ကိုရင်ဖြစ်တဲ့ ကိုရင် ဦးသောဘိတက သက်တော်ပြည့်ပြီးတော့ အခု ဒီကနေ့ပဲ ရဟန်းဘောင်ကို တက်ဖို့ အဲတာကို ဆရာတော်က လှမ်းပြီးတော့ အမိန့်ရှိတဲ့အတွက် ဥက္ကဋ္ဌ ကနေပြီးတော့ ရဟန်းခံပွဲ ဆောင်ရွက်ဖို့ ငွေကျပ် ၁၀ သိန်း မတည် လှူဒါန်းလိုက်တယ်။ အဲတာနဲ့ ပုဂံ ညောင်ဦးမြို့နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက စုပေါင်းလှူဒါန်းငွေနဲ့ အဲဒီရဟန်းခံပွဲကို အဲဒီဝါးကျောင်းမှာ ဒီနေ့မနက် အရုဏ်ကနေ စပြီးတော့ ကျင်းပတာပဲ ဖြစ်တယ်"
ရဟန်းခံပွဲ ဖြစ်မြောက်ရေးအတွက် ဒေသခံ NLD အဖွဲ့ဝင်တွေနဲ့ အတူ မန္တလေးတိုင်းက အလုပ်အမှုဆောင် အဖွဲ့ဝင်တွေလည်း ပါဝင်ကူညီခဲ့ကြတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
ဖခင်ဖြစ်သူ မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မိခင် ဒေါ်ခင်ကြည်တို့ကို အမှူးထားပြီး ဒေါ်အောင်ဆန်းစုကြည်က ရဟန်းအမအဖြစ် တာဝန်ယူ ကျင်းပတဲ့ ရဟန်းခံပွဲကို ဧည့်ပရိတ်သတ် ထောင်နဲ့ချီ တက်ရောက်ခဲ့ ကြပါတယ်။