ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ် အမေရိကန်ကြိုဆို

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၂၄) နှစ်အတွင်း ပထမဆုံး နိုင်ငံရပ်ခြားခရီး စတင်မယ့်အပေါ် အမေရိကန်အစိုးရက ကြိုဆိုလိုက်ပါတယ်။

2012.04.18
assk-hillary-clinton-b305 ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံနေစဉ်။
Photo courtesy of NLD

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လအတွင်း နော်ဝေးနဲ့ ဗြိတိန်နိုင်ငံကို ခရီးထွက်ဖို့ စီစဉ်ထားပါတယ်။ ဘယ်နိုင်ငံကို ဦးဆုံးသွားမလဲဆိုတာ မသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်နဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr. Mark Toner က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို ရောက်ရှိခဲ့တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ကြောင်း ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးကို ဦးဆုံး သွားရောက်ဖွယ်ရှိတယ်လို့ လေ့လာသူတွေက ခန့်မှန်းကြပါတယ်။ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆုကို ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်တိုင် လာရောက် လက်ခံယူမှာဖြစ်တယ်လို့ နော်ဝေးနိုင်ငံက ပြောပါတယ်။

အလားတူ အမေရိကန် လွှတ်တော်အမတ်တွေကလည်း အမြင့်ဆုံး အရပ်သားဆုဖြစ်တဲ့ ကွန်ဂရက်ရဲ့ ရွှေတံဆိပ်ဆု လက်ခံဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားပါတယ်။

စင်္ကာပူနိုင်ငံ အရှေ့တောင်အာရှ လေ့လာရေးဌာန အကြီးအကဲ မစ္စတာ မိုက်ကယ် မွန်တက်စာနို က အခုလို ပြည်ပခရီးစဉ် အစီအစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ကို ပြန်လာခွင့် ပြုလိမ့်မယ်ဆိုတာ ယုံကြည်စိတ်ချရပြီလို့ အထင်အရှား ပြသလိုက်တာပါ။ မြန်မာနိုင်ငံရဲ့ နောက်ထပ် တိုးတက် ပြောင်းလဲမှုတစ်ရပ်လည်း ဖြစ်ပါတယ်လို့ ပြောဆိုပါတယ်။

အမေရိကန်အစိုးရဟာ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကိုလည်း လာမယ့် မေလမှာ အမေရိကန် ပြည်ထောင်စုကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားလိုက်ပါတယ်။

ဦးဝဏ္ဏမောင်လွင်ဟာ ကုလသမဂ္ဂကို လာရောက်ခဲ့ပေမဲ့ အခုလို အမေရိကန် အစိုးရက ဖိတ်ကြားတာဟာ ပထမဆုံးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။