ကျောင်းသားသမဂ္ဂ ပွင့်ပွင့်လင်းလင်း တည်ရှိရေး ဥပဒေကြောင်းအရ ဒေါ်အောင်ဆန်းစုကြည် ကူညီမည်

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် တည်ဆောက်နေပြီဆိုရင် ကျောင်းသားသမဂ္ဂဆိုတာ တည်ရှိရမှာဖြစ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ပွင့်ပွင့်လင်းလင်း တည်ရှိရေးကို ဥပဒေကြောင်းအရ အတတ်နိုင်ဆုံးကူညီမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဗကသများအဖွဲ့ချုပ် အမှုဆောင်တွေကို ပြောကြားလိုက်ပါတယ်။

2012.05.09
assk-abfsu-b305 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တို့ ၂၀၁၂ ခုနှစ် မေလ ၉ ရက်နေ့က တွေ့ဆုံစဉ်။
Photo courtesy of ABFSU

ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့မနက် ၁၁ နာရီလောက်မှာ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင် (၉) ဦးကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ လက်ခံတွေ့ဆုံခဲ့ပြီး အခုလို ပြောဆိုတာပါ။

ဒါ့အပြင် ကျောင်းသားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုလည်း တတ်နိုင်သလောက် ပြေလည်အောင် ကူညီဖြေရှင်းပေးမယ်လို့ ပြောဆိုကြောင်း ဗကသများအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ကိုသီဟဝင်းတင်က RFA ကိုအခုလို ပြောပါတယ်။

" ပထမဦးဆုံးမှာ သူပြောတဲ့ ဥစ္စာကတော့ ပြည်သူတွေ ခံစားကြုံတွေ့ရတဲ့ ဝေဒနာတွေပေါ့နော်။ ဒုက္ခတွေ၊ ပြဿနာတွေကို ပြောဆိုဆွေးနွေးထားတယ်။ ပြီးတော့ ကျွန်တော်တို့ ဒီကျောင်းသားကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက ကျောင်းသား သမဂ္ဂတွေရဲ့ ဖွဲ့စည်းပုံကို လေ့လာနိုင်ဖို့အတွက် သူကူညီပေးမယ်လို့ ကျွန်တော်တို့ကို ပြောတယ်။ ဒီကျောင်းသားသမဂ္ဂဆိုတာ တရားဝင် ဖြစ်ပြီးသားဆိုတာကို သူ့အနေနဲ့လည်း လက်ခံတယ်ပေါ့နော်။ ဒီမိုကရေစီနိုင်ငံ ဆိုလို့ရှိရင် ကျောင်းသားသမဂ္ဂ ဆိုတာ ရှိကိုရှိရမယ်ပေါ့နော်။ အဲဒီဥစ္စာတွေကို သူက ဆက်ပြီးကူညီသွားမယ်။ ပိုပြီးတော့ တရားဝင် ပွင့်ပွင့်လင်းလင်း ဖြစ်လာနိုင်အောင်ပေါ့နော်။ ပြီးတော့ အခုလောလောဆယ်မှာ ကျွန်တော်တို့တွေ အကုန်လုံးက ကျောင်းတက်ခွင့် ပိတ်ပင်ခံထားရတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျောင်းပြန်တက်ခွင့်ရအောင် သူ့အနေနဲ့ ဥပဒေအရ ပြန်ပြီးကူညီပေးနိုင်မယ်လို့ သူကပြောပါတယ်"

ကိုလိုနီခေတ် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလကတည်းက တည်ရှိခဲ့တဲ့ ကျောင်းသားသမဂ္ဂတွေကို ၁၉၆၂ ခုနှစ်နောက်ပိုင်း အဆောက်အဦးလည်း ဗုံးခွဲဖျက်ဆီးခံရ၊ အဖွဲ့တည်ရှိခွင့်လည်း ပိတ်ပင်ခံခဲ့ရပေမယ့် ခေတ်အဆက်ဆက် ကျောင်းသားတွေက သမဂ္ဂကို လျှို့ဝှက်ဖွဲ့စည်းပြီး လက်ဆင့်ကမ်း သယ်ဆောင်လာရာမှာ ၁၉၈၈ ခုနှစ်မှာတကြိမ် ကျောင်းသားထုရှေ့မှာ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း စစ်အစိုးရရဲ့ဖိနှိပ်မှုကြောင့် ဗကသများအဖွဲ့ချုပ်ဟာ ပွင့်ပွင့်လင်းလင်း တည်ရှိခွင့် မရပေမယ့် ၂၀၀၇ မျိုးဆက် ကျောင်းသားတွေက ဆက်လက် ဖွဲ့စည်းလုပ်ကိုင်ခဲ့ပြီး၊ အခုအစိုးရရဲ့ အုပ်ချုပ်ရေးစနစ်အောက်မှာ ကျောင်းသားသမဂ္ဂတွေ ဒေသအလိုက် ပွင့်ပွင့်လင်းလင်း တည်ရှိနိုင်ဖို့ ကြိုးစားနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-05-10 07:34

ဗကသ တရားဝင်ဖွဲူ့စည်း ရပ်တည်ရန် အရေးကြီးသကဲ့သို့ ကျောင်းသားသမဂ္ဂ အဆောက်အဦကို မူလနေရာတွင် ပြန်လည်တည်ဆောက်ခွင့်ရရန်နှင့် ဗကသ ဥက္ကဌ ကိုလည်း ကျောင်းသားများ၏ လွတ်လပ်သော မဲဆန္ဒဖြင့် ရွေးကောက်တင် မြှောက်ခွင့် ရရန် တို့ကိုလည်း မမှိတ်မသုန် ကြိုးစားသင့်ပါသည်။