ဒေါ်အောင်ဆန်းစုကြည်ကို အော်စလိုမြို့တော်မှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေကြိုဆို

ဆွစ်ဇာလန်နိုင်ငံကနေ နော်ဝေနိုင်ငံ အော်စလိုမြို့တော်ကို မနေ့ကရောက်ရှိလာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လေဆိပ်မှာ နိုဘယ်လ်ဆုကော်မတီ ဥက္ကဋ္ဌ Thorbjoern Jagland နဲ့အတူ နိုဘယ်လ်ဆုကော်မတီက တာဝန်ရှိသူတွေ လာရောက်ကြိုဆိုခဲ့ကြပါတယ်။

2012.06.15
assk-norway-b305 နော်ဝေနိုင်ငံကို ဇွန်လ ၁၅ ရက်နေ့မှာရောက်ရှိလာတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နော်ေ၀၀န်ကြီးချုပ်နှင့်အတူ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအပြီး တွေ့ရစဉ်။
AFP

နော်ဝေနိုင်ငံရောက် တိုင်းရင်းသားလူမျိုးတွေ ပါဝင်တဲ့ မြန်မာလူမျိုးတွေသာမက၊ အိမ်နီးချင်း ဆွီဒင်နဲ့ ဒိန်းမိတ်နိုင်ငံတွေက မြန်မာလူမျိုးတွေ အပါအဝင် နော်ဝေးပြည်သူတွေ စုစုပေါင်း နှစ်ထောင်ကျော်လောက်က ဒေါ်အောင်ဆန်းစုကြည် တည်းခိုမယ့် မြို့လယ်က ဂရင်း ဟိုတယ်မှာ စောင့်ပြီး ကြိုဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သားအငယ် ကင်မ်နဲ့အတူ ရောက်လာခဲ့တယ်လို့ ကိုယ်တိုင်ပါဝင်ကြိုဆိုနေတဲ့ နော်ဝေးရောက် ကိုညိုက အခုလိုပြောပြပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်လာတဲ့ အခါကျတော့ ရဲလုံခြုံရေးအမျိုးသမီးတွေရော၊ အမျိုးသားတွေရော အဲဒီမှာလမ်းတွေရှင်းပေးပြီးတော့မှ ဟိုတယ်ကိုတန်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကားပေါ်ကနေ ဟိုတယ်ကို ခေါ်သွားဖို့လုပ်တာပေါ့လေ။ အဲဒီမှာတိုင်းရင်းသားခလေးလေးတွေ အဲဒီဝတ်စုံလေးတွေနဲ့ ခလေးငယ်လေးတွေက သူတို့ရိုးရာဝတ်စုံလေးတွေနဲ့ ပန်းစည်းတွေကိုင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်လာရင် ပန်းစည်းဆက်ဖို့ဆိုပြီးတော့ ပြင်ထားကြတာပေါ့။ ကားကလာတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ခလေးတွေကြိုဆိုတဲ့နေရာကို ချက်ခြင်းမသွားပဲနဲ့ ဟိုးလမ်းဘေးတဘက်တချက်မှာ ကြိုနေတဲ့ ရာနဲ့ချီရှိတဲ့သူတွေနားကို သွားလိုက်တာ၊ လုံခြုံရေးတွေကို ခနဟိုဘက်ကို သွားလိုက်ဦးမယ်ဆိုပြီး သွားလိုက်တာ၊ ဟာ လူတွေက အရမ်းဝမ်းသာသွားကြတာ။ အဲဒီကလူတွေက၊ ဝမ်းသာပြီးတော့၊ တခါတည်းပျော်ပြီးတော့ အန်တီစု၊ အန်တီစု၊ အမေစု၊ အမေစုဆိုပြီးတော့မှ ဝိုင်းနှုတ်ဆက်ကြတာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်က တော်တော်လေးကို နှုတ်ဆက်ရှာတယ်ဗျာ။ လူအုပ်ကြီး အများကြီးကို။ သူ့သားတစ်ယောက်က ပါတယ်ဗျာ။ အငယ်တစ်ယောက်ပေါ့လေ။ သားအငယ်ကလည်း ဒေါ်စုနဲ့အတူပဲ၊ လူတွေကိုလိုက်နှုတ်ဆက်ကြတယ်"

ဒေါ်အောင်ဆန်းစုကြည်တည်းခိုတဲ့ ဟိုတယ်တဝိုက် လုံခြုံရေးတွေကိုလည်း တင်းတင်းကျပ်ကျပ်ချထားတယ်လို့ ကိုညိုက ပြောပါတယ်။

မနေ့ညက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ နော်ေ၀၀န်ကြီးချုပ် တည်းခင်းဧည့်ခံတဲ့ ညစာစားပွဲကို နော်ဝေဘုရင်နဲ့ တော်ဝင်မိသားစုကိုယ်တိုင် တက်ရောက်ခဲ့ကြ ပါတယ်။

မနက်ဖြန်မှာတော့ ၁၉၉၁ခုနှစ်က ချီးမြှင့်ခံခဲ့ရတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရာစုနှစ် ၂၀ကျော်မှ ကိုယ်တိုင်လက်ခံယူမယ့် ဆုပေးပွဲအခမ်းအနားကို ဒေါ်အောင်ဆန်း စုကြည် တက်ရောက်မှာဖြစ်ပါတယ်။

ဒီအခမ်းအနားကို မြန်မာတွေအများအပြား တက်ရောက်ကြမယ်လို့ သတင်းရရှိပါတယ်။ နော်ဝေနိုင်ငံကိုရောက်နေတဲ့ ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးစိုးဝင်းလည်း တက်ရောက်မယ်လို့ ဆိုပါတယ်။

ဒါအပြင် အရင် အဝေးရောက်ညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီးချုပ်လည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုတဝမ်းကွဲတော်စပ်သူ ဒေါက်တာစိန်ဝင်းလည်း အခမ်း အနားကို တက်ရောက်ဖို့ အော်စလိုမြို့တော်ကို ရောက်ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က နော်ဝေ ဝန်ကြီးချုပ်နဲ့အတူ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ အာအက်ဖ်အေအဖွဲ့သား ဦးခင်မောင်စိုးရဲ့ သတင်းပေးချက်ကို နားဆင်နိုင်ပါတယ်။

သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။