နိုင်ငံရေးခရီးစဉ်အဖြစ် ပဲခူးမြို့ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပဲခူးခရီးစဉ် အတွင်း စည်းလုံးညီညွတ်ရေး ရှိဖို့ တိုက်တွန်းလိုက် ပါတယ်။ ဒီကနေ့ မနက်ပိုင်း ပဲခူးမြို့ကို သွားရောက်စဉ် ထောင်နဲ့ချီတဲ့ ပြည်သူလူထုကြီးကို စကားပြောကြားရာမှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံး အတူတကွ လက်တွဲလုပ်ဆောင်ဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

2011.08.14
assk-bago-trip-305 ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့က ပဲခူးမြို့သို့ ရောက်ရှိလာသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပဲခူးလူထုက ဝိုင်းဝန်းကြိုဆိုကြစဉ်။ (Photo: RFA)
AFP

“တကယ်ပဲ တိုင်းပြည်အတွက် ပူးပေါင်းဆောင်ရွက်ချင်တယ် ဆိုလို့ရှိရင် တယောက်နဲ့တယောက် ပူးတွဲပြီး လုပ်နိုင်စရာ အကြောင်းတွေ အများကြီးရှိတယ်။ ကိုယ် ဖြစ်စေချင်တဲ့ပုံစံ ဖြစ်အောင်လို့ ကိုယ်တတ်နိုင်သမျှ လုပ်စေချင်တယ်။ ဒါ ကျမတို့ရဲ့ ပြည်သူတွေကို ကျမ တိုက်လည်း တိုက်တွန်းချင်တယ်၊ အားလည်း အားပေးချင်တယ်။ တိုက်တွန်းချင်တယ်ဆိုတာက ဒါလုပ်ရမယ်၊ တာဝန်ရှိတယ် ဆိုပြီးတော့ တိုက်တွန်းတာပါ။ အားပေးတယ် ဆိုတာကတော့ ကိုယ့်မှာ လုပ်နိုင်တဲ့ အရည်အချင်းရှိတယ် ဆိုပြီးတော့ အားပေးတာပါ”

ပြီးခဲ့တဲ့ရက်က အစိုးရ ကိုယ်စားလှယ် ဝန်ကြီးဦးအောင်ကြည်နဲ့ တွေဆုံခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် ထုတ်ဖော် မပြောနိုင်သေးတာကို သည်းခံကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

“ပြည်သူလူထုတွေရဲ့ စိတ်ထဲမှာ ဘာရှိလဲ၊ နှလုံးသားထဲမှာ ဘာတွေ ရှိလဲဆိုတာ ကျမ သိပါတယ်။ အခုချိန်အထိ အသေးစိတ် မပြောသေး တာ ဘာဖြစ်လို့လဲဆိုတော့ တိတိကျကျ လုပ်ဖို့ ကိစ္စလေးတွေက ရှိပါသေးတယ်။ ကျမ ပြည်သူတွေကို လွဲမှားတဲ့ မျှော်လင့်ချက်တွေ မပေးချင်ဘူး။ မသေချာမရေရာပဲနဲ့ ဟိုဟာ လုပ်ပေးမယ်၊ ဒီဟာ လုပ်ပေးမယ်ဆိုတဲ့ ကတိတွေ ကျမ မပေးချင်ဘူး”

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း ပဲခူးနဲ့ သနပ်ပင်မြို့တွေမှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို စကား ပြောကြားခဲ့ပါတယ်။ စိတ်ဓာတ် ကြံ့ခိုင်ကြဖို့ တိုက်တွန်းခဲ့သလို မြန်မာ့ ဒီမိုကရေစီရေးအတွက် ၂ ဆ တိုးပြီး ထောက်ခံပါဝင်ဖို့ကိုလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးမြို့နဲ သနပ်ပင်မြို့တွေမှာ ‘အောင်ဆန်းဂျာမွန်း’ စာကြည့်တိုက်နဲ့ အခမဲ့ အင်္ဂလိပ်စာ သင်တန်းတွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးပြည်သူလူထုကို စကားပြောကြားခဲ့ပြီးနောက် ရေဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ အနောက်ရွှေနံ့သာ ဘုန်းတော်ကြီးကျောင်းကို သွားရောက်ခဲ့ပြီး ရေဘေးဒုက္ခသည်တွေကို တွေ ဆုံခဲ့ပါတယ်။ ပဲခူး NLD အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဆန်းလင်းကြည်က အခုလို ပြောပြပါတယ်။

“အနောက်ရွှေနံ့သာကျောင်းက ရေဘေးဒုက္ခသည်တွေဆီကို သွားတယ်။ လူထုက အရမ်းများတယ်။ ရေဘေးဒုက္ခသည်တွေကလည်း အန်တီ့ကို တွေ့ဖူးချင်တဲ့အခါကျတော့ တကယ့်ကိုပဲ တိုးကြိတ်ပြီး၊ နောက် အန်တီက သူတို့ကို စကားပြောတဲ့အခါကျတော့ သူတို့ရဲ့ သောကတွေ ပျောက်ကုန်သလား မသိပါဘူးဗျာ လက်ခုတ်တွေတီးပြီး ထောက်ခံ အားပေးကြတာ”

ဒါ့အပြင် ပဲခူးမြို့က ရှေ့နေများကွန်ရက်နဲ့လည်း တွေဆုံခဲ့ပြီး ပြည်သူတွေအတွက် ဥပဒေကြောင်းအရ အကာကွယ်ပေးဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် နေ့လည် ၃ နာရီခွဲလောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးမြို့ကနေ ပြန်လည်ထွက်ခွာခဲ့ပါတယ်။ ဒီခရီးစဉ်တလျှောက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးလည်း လိုက်ပါသွားခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း အာဏာပိုင်တွေက ဟန့်တားနှောက်ယှက်တာ မရှိသလို တာဝန်ကျ ရဲနဲ့ လမ်းပြရဲတွေက ဒေါ်အောင်ဆန်းစုကြည် သွားရာလမ်းမှာ ရှင်းလင်း ဖယ်ရှားပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်လို့ ကိုဇော်မိုးကျော်က စုစည်း တင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။

ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တာတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါသွားတဲ့ NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဆက်သွယ်မေးမြန်းပြီး မခင်ခင်အိက တင်ပြထားပါတယ်။
စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။

ပဲခူးမြို့ခံတွေရဲ့ တုံ့ပြန် ပြောကြားချက်တွေနဲ့ ပတ်သက်လို့ ဒေါ်ညိုညိုက စုစည်း တင်ပြထားပါတယ်။
စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။