အမေရိကန် အထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derek Mitchell နဲ့ ရန်ကုန် ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ မနက်ပိုင်းမှာ တွေ့ဆုံ ဆွေးနွေးပါတယ်။

2011.09.12
derek-assk-305 အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derek Mitchell သည် မြန်မာနိုင်ငံ ပထမဆုံးခရီးစဉ်အတွင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ နေအိမ်တွင် သွားရောက်တွေ့ဆုံပြီး သီးသန့်ဆွေးနွေးခဲ့သည်။
AFP

Mr. Derek Mitchell နဲ့ အဖွဲ့ဟာ မနက် ၁၀ နာရီ ခန့်မှာ ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို လာရောက် တွေ့ဆုံတာလို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

"အမေရိကန် သမ္မတ အိုဘားမားရဲ့ အထူးကိုယ်စားလှယ် Mr. Derek Mitchell နဲ့ အဖွဲ့ဟာ ဒီကနေ့ မနက် ၁၀ နာရီ မှာ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မိနစ် ၄၀ ကြာ သီးသန့် ဆွေးနွေးပါတယ်။"

သီးသန့် ဆွေးနွေးတဲ့ အတွက် အသေးစိတ်ကို မသိရပေမဲ့ အမေရိကန်က ပေးနေတဲ့ ပညာရေး နဲ့လူမှုရေး အကူအညီတွေအကြောင်း အလေးထား ဆွေးနွေးတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

အဲဒီနောက် Mr. Derek Mitchell ဟာ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့နဲ့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီတို့နဲ့ တနာရီကြာ ဆက်လက် ဆွေးနွေးပါတယ်။ အဲဒီလို ဆွေးနွေးတဲ့ အခါ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာပြီး နောက်ပိုင်း အခြေအနေတွေကို ဒုတိယ ဥက္ကဌ ဦးတင်ဦးက ပြောပြတယ်လို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။

"ဒုတိယ ဥက္ကဌ ဦးတင်ဦးက ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာပြီး နောက်ပိုင်းမှာ နိုင်ငံရေး၊ စည်းရုံးရေး အခြေအနေများကို အရှိန်မြှင့် ပြီးတော့ ပြည်သူ့ အကျိုးပြုလုပ်ငန်းများပါ လုပ်ဆောင်နေတဲ့ အကြောင်း ပြောပြပါတယ်။ ပြည်သူ့ ကွန်ယက်၊ လူငယ်ကွန်ယက်များ ဖွဲ့စည်းပြီးတော့ ပညာပေးလုပ်ငန်းများ၊ နောက် လူမှု အထောက်အကူပြု လုပ်ငန်းများ၊ ပြည်သူလူထု ဥပဒေ ကာကွယ်ပေးမှု လုပ်ငန်းများ၊ အဲဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေနိုင်တဲ့ အကြောင်း တင်ပြပါတယ်။ နောက် အထွေထွေ အတွင်းရေးမှူးနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံပြီးနောက်ပိုင်း ပြောင်းလဲတိုးတက်လာတဲ့ နိုင်ငံရေး အခြေအနေတွေကိုလည်း ရှင်းပြပါတယ်"

CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကတိုင်းရင်းသားတွေ အရေးနဲ့ ပတ်သက်ပြီး အကျယ်တဝင့် တင်ပြတယ်လို့ ဆိုပါတယ်။ CRPP အဖွဲ့ဝင် ဦးပူကျင့်ရှင်းထန်ကလည်း နိုင်ငံရေး အပြောင်းအလဲ အရှိန်မြှင့်နိုင်ဖို့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး အရေးကြီးတဲ့ အကြောင်း တင်ပြတယ်လို့ သိရပါတယ်။

Mr. Derek Mitchell ဟာ ပြည်တွင်း ပြည်ပ သတင်းထောက်တွေက မေးမြန်းတာတွေ ဖြေကြားပြီး ဒေါ်အောင်ဆန်းစုကြည် ကလည်း သတင်းထောက်တွေရဲ့ အမေးကို ၁၅ မိနစ်ကြာ ပြန်လည် ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။