ဒေါ်အောင်ဆန်းစုကြည် မသန်စွမ်းသူများ ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်

မြေမြုပ်မိုင်းထိလို့ မသန်စွမ်း ဖြစ်ကြရတယ် ဆိုတာဟာ အဲဒီတိုင်းပြည်ရဲ့ မသန်စွမ်းမှုကို ဖော်ပြနေတာပဲ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

2012.05.08
assk-shwemintha22-b305 ၂၀၁၂ ခုနှစ် မေလ ၈ ရက်တွင် ကျင်းပပြုလုပ်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ၏ မသန်မစွမ်းသူများ ဂုဏ်ပြုပွဲအခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ်။
RFA

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ရဲ့မသန်စွမ်းသူများ ဂုဏ်ပြုပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

"မြေမြုပ်မိုင်းထိလို့ မသန်စွမ်းသူများ ဆိုတာဟာ ကျွန်မတို့နိုင်ငံရဲ့တကယ့် မသန်စွမ်းချက်တစ်ခုကို ဖော်ပြနေတယ်။ အဲဒါဟာ အချင်းချင်း ငြိမ်းချမ်းရေး လိုနေတဲ့ကိစ္စပါ။ တကယ် မသန်စွမ်းတယ်ဆိုတာ ဘာလဲဆိုတာ ကျွန်မတို့ ပြန်ပြီး စဉ်းစားစရာရှိတယ်။ မြေမြုပ်မိုင်းထိလို့ မသန်စွမ်းတဲ့သူတွေက မသန်စွမ်းတာလား။ ဒီမြေမြုပ်မိုင်းကို မြုပ်တဲ့သူတွေက မသန်စွမ်းတာလား။ မြေမြုပ်မိုင်းတွေ မြုပ်ရမဲ့ အခြေအနေကို ပျောက်ကွယ်သွားအောင် မလုပ်နိုင်တဲ့ ကျွန်မတို့အားလုံးဟာ မသန်စွမ်းတာလားဆိုတာ ကျွန်မတို့အားလုံး စဉ်းစားဖို့လိုတယ် "

အခမ်းအနားမှာ မသန်စွမ်းသူများ အပါအဝင် အားလုံးပါဝင်နိုင်တဲ့ လူ့အဖွဲ့အစည်းတရပ် ထူထောင်ရေးမှာ နိုင်ငံသားအားလုံး တာဝန်ရှိသလို မသန်စွမ်းသူတွေရဲ့ မိသားစုဘ၀ တိုးတက် မြင့်မားရေးအတွက် နိုင်ငံသားအားလုံးက ပံ့ပိုးကူညီ လက်တွဲဆောင်ရွက်ဖို့ အရေးကြီးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဒီအခမ်းအနားကို သီတဂူဆရာတော်ကြီး အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်နဲ့ တခြားနိုင်ငံရေး၊ လူမှုရေးခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားမှာ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) က မသန်စွမ်း မိသားစုတွေအတွက် ဘီးတပ်ကုလားထိုင်တွေ လှူဒါန်းပေးအပ်ခဲ့သလို ဂုဏ်ပြုအမှာစကား ပြောကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုလင်းပန်းချီနဲ့ ပြန်လည်ဂုဏ်ပြုခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ကလည်း ဒဂုံမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲ အခမ်းအနားမှာ အမှာစကား ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-05-09 00:29

"မသန်မစွမ်း" မဟုတ်ပါ ။ " မသန်စွမ်း " ဖြစ်ပါသည်။ မသန်သော်လည်း စွမ်းသည့် သဘောဖြစ်ပါသည်။
အမေ စု ကိုယ်တိုင်ကလည်း "မသန်စွမ်း" ဟုသာ သုံးပါသည်။ ပြည်ပ မီဒီယာကြီး တစ်ခု အနေဖြင့် ဝေါဟာရ သုံးစွဲမှု အပေါ် များစွာ သတိချပ်သင့်ပါသည်။ သို့ မဟုတ်ပါက ရှက်စရာကောင်းပါသည်။

(မသန်စွမ်းသူ)