ကမ္ဘာ့စီးပွားရေး ထိပ်သီးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် ဗီဒီယို မိန့်ခွန်းပြော
2012.01.26

RFA
အဲဒီမိန့်ခွန်းမှာ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ စတင်နေပြီ ဖြစ်တဲ့အကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
"မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေး၊ တရားဥပဒေ စိုးမိုးရေးစတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ အဆင့်တချို့ကို ဖြတ်ကျော်ပြီးကြောင်း နောက်နှစ်လောက်မှာ စတင် ပြောနိုင်ပါလိမ့်မယ်။ ကြီးမားတဲ့ အပြောင်းအလဲ အဆင့်ကိုတော့ မရောက်သေးပါဘူး။ ဒါပေမယ့် အဲဒီလို အဆင့်ကို ရောက်ဖို့အတွက် အင်မတန် တန်ဖိုးရှိလှတဲ့ အခွင့်အရေးကို မိမိတို့အားလုံး ရထားပါပြီ" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။
ဒါ့အပြင် ဒီနှစ် ဒါဗို့စ်ညီလာခံမှာ မြန်မာအစိုးရ စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်းလည်း တက်ရောက်တဲ့ အချက်ဟာ မြန်မာနိုင်ငံမှာ ပြောင်းလဲနေပြီ ဆိုတာကို မီးမောင်းထိုးပြ လိုက်တာပါလို့ ပြောဆိုသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း အလားတူ ဒါဗို့စ် ကမ္ဘာ့စီးပွားရေး ထိပ်သီးညီလာခံကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒီနှစ် ညီလာခံကို နိုင်ငံပေါင်း ၄၀ ဝန်းကျင်က နိုင်ငံခေါင်းဆောင်တွေနဲ့ ကမ္ဘာ့စီးပွားရေး ကုမ္ပဏီကြီးတွေက ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၆၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။