ငြိမ်းချမ်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ တိုင်းရင်းသားအဖွဲ့များ ဆန္ဒရှိ
2012.05.10

ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ငြိမ်းချမ်းရေးကောင်စီ ခေါင်းဆောင် Timothy Laklem က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အနာဂတ်ရေးအတွက် သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်တွေအားလုံး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ လိုအပ်နေပြီဖြစ်ကြောင်း၊ ဒီအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် အာမခံချက်ရနိုင်ဖို့တိုင်းရင်းသား လူမျိုးစုအဖွဲ့တွေ ယုံကြည်အားထားနိုင်တဲ့ ကြားခံ ကိုယ်စားလှယ်တစ်ဦး ပါဝင်ဖို့ လိုအပ်ကြောင်း၊ အပစ်အခတ် ရပ်စဲရေး အနေအထားကနေ ကျော်လွန်ပြီး ဖေဖော်ဝါရီလအတွင်း ဆွေးနွေးပွဲကနေ သဘောတူထားတဲ့ အချက် (၇ ) ချက်ကို ထိရောက်စွာနဲ့ အမြန်ဆုံး အကောင်အထည်ဖော်ဖို့လိုအပ်နေပြီ ဖြစ်ကြောင်း ပြောဆိုပါတယ် ။
KNU အဖွဲ့အထွေထွေ အတွင်းရေးမှူး နော်ဇီပိုးရာစိန်ကလည်း ဒေါ်အောင်ဆန်းကြည်ဟာ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စတွေ ဆောင်ရွက်နေသူ ဖြစ်တဲ့အပြင် တိုင်းပြည် အပြောင်းအလဲအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့ အရေးကြီးသူတစ်ယောက် ဖြစ်တယ်လို့ ထင်မြင်ယူဆကြောင်း အာအက်ဖ်အေကို ပြောဆိုပါတယ်။
မြန်မာအစိုးရသစ်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၁၁ ) ဖွဲ့နဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အဆင့် (၃) ဆင့် သတ်မှတ်ပြီး ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ ကချင်ပြည်နယ်မှာတော့ ဆွေးနွေးပွဲတွေ ရှေ့မတိုးနိုင်သေးဘဲ အပစ်အခတ်တွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
ဒီအတောအတွင်း သမ္မတကိုယ်တိုင် ပါဝင်ဦးဆောင်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့အပေါ် တိုင်းရင်းသား အဖွဲ့အစည်းတွေက ကြိုဆိုလိုက်ကြပါတယ်။