ဒေါ်အောင်ဆန်းစုကြည် ဖို့ဝိန်းမြို့တွင် မြန်မာမိသားစုနှင့်တွေ့ဆုံ
2012.09.25

အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံသားအများစု နေထိုင်ကြတဲ့ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာရှိတဲ့ Coliseum Memorial ခန်းမမှာ ကျင်းပတာဖြစ်ပြီး ဖို့ဝိန်းမြို့မှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ သာမကပဲ အနီးအနား ပြည်နယ်တွေကပါ တက်ရောက်ကြတာဖြစ်တဲ့အတွက် ပရိသတ် ငါးထောင်နီးပါးအထိ ရှိခဲ့ပါတယ်။
ပရိသတ်တွေရဲ့ မေးခွန်းတွေကို မဖြေခင်မှာ အင်္ဂလိပ် မြန်မာ နှစ်ဘာသာနဲ့ တက်ရောက်လာကြသူတွေကို ၁၀ မိနစ်လောက် မိန့်ခွန်းပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အထဲမှာ တိုင်းရင်းသား လူမျိုးများအရေး၊ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးရေး၊ မြန်မာနိုင်ငံက တောင်သူလယ်သမားတွေရဲ့ အခက်အခဲ စတာတွေတွေကို ပြောပြခဲ့ပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးတွေ ခွဲခြားဆက်ဆံခံနေရတာနဲ့ ပတ်သက်ပြီး ပြောရာမှာ တရားဥပဒေစိုးမိုးရေးနဲ့ လူအဖွဲ့အစည်းအတွင်း သဟဇာတဖြစ်မှုဟာ အရေးကြီးကြောင်း ပြောခဲ့ပါတယ်။
"ကျွန်မတို့နိုင်ငံမှာတင် မဟုတ်ပါဘူး။ ဒီလိုလူမျိုးစုတွေ အများကြီးရှိတဲ့ နိုင်ငံတွေမှာဆိုရင် လူများစုဖြစ်တဲ့ လူမျိုးစုဟာ ပိုပြီးတော့ အခွင့်အရေးရတတ်တာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စပဲ။ အဲဒီဟာကို အမြဲပဲကျွန်မတို့က စိတ်ထဲထားရမယ်။ ဒီဟာကိုပြောင်းလဲနိုင်ဖို့ ကျွန်မတို့ အမြဲပဲကြိုးစားရမယ်။ အဲဒီလို ကြိုးစားမှုဟာ ဥပဒေနဲ့လုပ်ရုံတင် မလုံလောက်ဘူး။ ဥပဒေတော့ပါရမှာပေါ့။ ဒါကြောင့်ကျွန်မတို့က တရားဥပဒေ စိုးမိုးရေးလို့ ပြောတာပေါ့။ ဥပဒေအရကို ခွဲခြားမှု မရှိအောင်ထားတာက သတ်သတ်။ နောက်တစ်ခုကတော့ ကျွန်မတို့ရဲ့လူမှုအသိုင်းအဝိုင်းတွေထဲမှာကို ခွဲခြားချင်တဲ့ စိတ်ဓာတ်တွေ ပပျောက်သွားအောင် ကျွန်မတို့ ကြိုးစားရမယ်"
ဒါ့အပြင် မြန်မာနိုင်ငံကနေ လာရောက်ကြတဲ့ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးတဲ့ ဖို့ဝန်းမြို့ကို ကျေးဇူးတင်ရှိကြောင်းနဲ့ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီစနစ်ဟာ ကမ္ဘာမှာ အောင်မြင်ပြီး မြင့်မြတ်တဲ့ ဒီမိုကရေစီဖြစ်ကြောင်းကိုပါ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံသားတွေ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ ဝိုင်းတော်သား ဦးနေရိန်ကျော်ရဲ့ ပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန်။ |