လွှတ်တော်တွင်း တခြားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
2012.05.28

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျာမန်လွှတ်တော် ဥက္ကဋ္ဌအဖွဲ့နဲ့ ဒီကနေ့မနက် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားတာ ဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟန်သာမြင့်က အခုလို ပြောပါတယ်။
" ဒေါ်အောင်ဆန်းစုကြည်က - ကျွန်မတို့ကတဲ့ မှန်ပါတယ်။ ရာခိုင်နှုန်းအနေနဲ့တော့ နည်းနည်းလေးပဲ။ ဒါပေမဲ့ ကျွန်မတို့က အဓိက အတိုက်အခံပါတီ ဖြစ်သွားပြီ။ အတိုက်အခံပါတီတစ်ခု အနေနဲ့က အကြီးဆုံးပဲ။ အဲတော့ ၂၀၁၀ ခုနှစ်က ဘာကြောင့် မဝင်ခဲ့သလဲဆိုတဲ့ အကြောင်းပြောတယ်။ အဲဒီတုန်းက ဝင်ခဲ့တဲ့ပါတီတွေရှိတယ်။ အဲဒီထဲက တိုင်းရင်းသားပါတီတွေနဲ့ အင်မတန်ကောင်းတဲ့ ဆက်ဆံရေး ရှိနေတယ်။ တချို့သော တိုင်းရင်းသားပါတီများက ၁၉၉၀ ခုနှစ်ကစပြီးတော့ အခုထက်ထိ NLD နဲ့ဆိုလို့ရှိရင် အင်မတန်ကောင်းတဲ့ ဆက်ဆံရေးရှိတယ်။ NLD အဖိနှိပ်ခံရနေရ ကတည်းက သူတို့က ထောက်ခံခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် သူတို့နဲ့ မခွဲမခွာ ခုထက်ထိ ရှိနေတယ်ဆိုတဲ့ အကြောင်း၊ သူတိုနဲ့လည်း လုပ်ဆောင်သွားမယ်။ အခု လွှတ်တော်ထဲမှာ ရှိနေပြီးသား၊ ရောက်နေပြီးသား တိုင်းရင်းသား ပါတီများနဲ့လည်း ပူးပေါင်းပြီး လုပ်ဆောင်သွားမယ် ဒါကို ပြောသွားတာပါ"
ဂျာမန်လွှတ်တော်ဥက္ကဋ္ဌနဲ့ အဖွဲ့ဟာ ဒီကနေ့ မနက်က NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ NLD လွှတ်တော် ကိုယ်စားလှယ်တွေကို ရွှေဂုံတိုင်လမ်း အဖွဲ့ချုပ်ရုံးမှာ လာရောက် တွေ့ဆုံခဲ့ပါတယ်။
NLD ပါတီက လွှတ်တော်အတွင်း ဆောင်ရွက်မယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ လဆန်းပိုင်းကပဲ ဒေါက်တာအေးမောင်၊ ဦးစိုင်းအိုက်ပေါင်းစတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NLD အမတ်တွေ ဖြစ်ကြတဲ့ ဦးမင်းဦး၊ ဒေါက်တာ လှမြတ်သွေးတို့ ပါဝင်တဲ့ လွှတ်တော်အမတ် တချို့ဟာ မေလ ၅ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ဂျာမဏီနိုင်ငံက လွှတ်တော်ကို သွားရောက်လေ့လာခဲ့ကြပါတယ်။