ဒေါ်အောင်ဆန်းစုကြည် ကော့မှူးကို သွားရောက်ဆွေးနွေး
2012.07.05

ကောမှူးမြို့က အောင်ဇမ္ဗူ ပရဟိတကျောင်းတိုက်မှာ ဒေသခံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး ဒေသခံတွေ တင်ပြလာတဲ့ အခက်အခဲတွေကို ဆွေးနွေးမေးမြန်းခဲ့တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဦးသိန်းဦးက ပြောပါတယ်။
"၁၁ နာရီမှာ ကော့မှူး အောင်ဇမ္ဗူ ဘုန်းကြီးကျောင်းကို ရောက်လာတယ်။ ဘုန်းကြီးကျောင်းကို ငွေလှူပြီးတော့ အဲဒီက နယ်ခံတွေနဲ့ တွေ့တယ်။ တွေ့ပြီးတော့ သူတို့လိုအပ်တာတွေ အဲတာအကုန် တင်ပြကြတယ်ပေါ့။ အစ်မလည်း လုပ်နိုင်သလောက် လုပ်ပေးမယ်။ အထူးသဖြင့်တော့ ဒီလမ်းပန်း ဆက်သွယ်ရေး ကိစ္စတွေပေါ့။ နောက်ပညာရေး၊ ကျန်းမာရေး နောက်ကျောင်းထဲမှာ ရှိတဲ့ စာသင်ခန်းတွေ လိုက်ပြီးတော့ လေ့လာတယ်"
ဒေါ်အောင်ဆန်းစုကြည်ဟာ အောင်ဇမ္ဗူ ပရိယတ္တိ စာသင်တိုက် ဆရာတော်ကို ပရဟိတကျောင်းအတွက် ပညာရေး အလှူငွေအဖြစ် ၁၈ သိန်း လှုဒါန်းခဲ့ပါတယ်။ ကော့မှူးမြို့နယ် NLD အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည် ထွက်ခွာလာကြောင်း သိရပါတယ်။