ဒေါ်အောင်ဆန်းစုကြည်ကို မြိတ်လူထု သောင်းသောင်းဖျဖျ ကြိုဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက မြိတ်မြို့ကို လေကြောင်းခရီးနဲ့ ရောက်ရှိသွားပြီး သိန်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါတယ်။

2012.03.24
assk-myeik-b305 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ ခုနှစ် မတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက မြိတ်မြို့ခံများ ကြိုဆိုနေကြစဉ်။
Photo Courtesy of Aung Koe's Album

ဒေါ်အောင်ဆန်းစုကြည်ဟာ မြိတ်မြို့မှာ ခေတ္တရပ်နားပြီး ရွေးကောက်ပွဲဝင်မယ့် ကျွန်းစုဘက်ကို စက်လှေ ၇ စီးနဲ့ ဆက်လက်ထွက်ခွာသွားကြောင်း ဒေသခံတစ်ဦးဖြစ်တဲ့ ကိုထွန်းအေးက ပြောပြပါတယ်။

စခန်းသစ်၊ ကံမော်၊ ကျွန်းစု စတဲ့ကျွန်းတွေကို သွားဖို့ စီစဉ်ထားပေမယ့် စခန်းသစ်ကျေးရွာကိုသာ သွားရောက်နိုင်ပြီး ဒီကနေ့ ညနေ မြိတ်မြို့ကို ပြန်လာနေတယ်လို့ သိရပါတယ်။

မနက်ဖြန် မနက်ပိုင်းမှ ကျွန်းစုမြို့ကို သွားရောက်ဖို့ စီစဉ်ထားတယ်လို့ ဒေသခံ အန်အယ်ဒီ အဖွဲ့ဝင်တွေက ပြောပါတယ်။ မူလက အမြန်နှုန်းမြင့် လွန်းပြန်စက်လှေတွေနဲ့ သွားဖို့ စီစဉ်ထားပေမယ့် ဒေသခံ ကြံ့ခိုင်ဖွံဖြိုးရေးနဲ့ အာဏာပိုင်တွေက ဖိအားပေးတဲ့အတွက် စက်လှေပိုင်ရှင်တွေက မငှားရဲကြဘူးလို့ သိရပါတယ်။

ဒီကနေ့ ညနေ ၆ နာရီလောက်မှာပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးဟာ အင်္ဂပူမြို့နယ်၊ ထူးကြီးကျေးရွာ ရုံးသစ်ဖွင့်ပွဲကို တက်ရောက်ပြီး လူထုကို စကားပြောကြားခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မယ့် ဧရာဝတီတိုင်း၊ မြန်အောင်မြို့ကို အသွားမှာ အခုလို ထူးကြီး အန်အယ်ဒီရုံးဖွင့်ပွဲကို တက်ရောက်နေတာ ဖြစ်ပါတယ်။

ထူးကြီးရုံးဖွင့်ပွဲမှာ တက်ရောက်ပြီး လူထုကို စကားပြောကြားရာမှာ လွန်ခဲ့တဲ့ အုပ်ချုပ်ရေးခေတ်က အကြောက်တရား လွှမ်းမိုးခဲ့ကြောင်း၊ အခုအခါ အသင့်အတင့် ပွင့်လင်းလာပြီဖြစ်ကြောင်း၊ ပြည်သူလူထုအနေနဲ့ ကြောက်ရွံ့မနေကြပဲ၊ တိုင်းပြည် ပြောင်းလဲရေးအတွက် ဆက်လက် ကြိုးပမ်းသွားရမှာ ဖြစ်ကြောင်း နာယက ဦးတင်ဦးက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ထူးကြီး အပြီးမှာတော့ မြန်အောင်မြို့နယ်အပိုင် အင်ပင်ကျေးရွာကို ဆက်လက်ထွက်ခွာမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဒေသဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ် ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်ရဲ့ အဓိကနယ်မြေ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

နာယက ဦးတင်ဦးနဲ့အတူ အန်အယ်ဒီ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးလှဖေလည်း လိုက်ပါလာပါတယ်။ အဲဒီနောက် ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် မြန်အောင်မြို့ကို ဆက်လက်ထွက်ခွာမှာဖြစ်ပြီး မြန်အောင်မြို့နယ်မှာတော့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။