ဒေါ်အောင်ဆန်းစုကြည် NLD ဗဟိုအလုပ်အမှုဆောင်များနှင့် တွေ့ဆုံဆွေးနွေး
2012.09.10

ဒီကနေ့ အစည်းအဝေးမှာ ၂ လကျော် ကြာမြင့်ခဲ့တဲ့ ပထမအကြိမ် စတုတ္ထပုံမှန် လွှတ်တော်အစည်းအဝေးတွေအတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်တွေ၊ အတွေ့အကြုံတွေကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
"နေပြည်တော်က လွှတ်တော် အတွေ့အကြုံတွေ၊ အဲဒီလွှတ်တော်ထဲမှာ ဆွေးနွေးကြတာတွေ၊ အဲတာတွေ သူရှင်းပြပါတယ်။ နောက်တစ်ခု ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ သူပြင်ဆင်ရမှာ ဖြစ်တဲ့အတွက် သူနောက်ထပ် စာတမ်းပြုစုဖို့ အချိန်ပေးပါလို့ သူခွင့်တောင်းတယ်။ တစ်ပြည်လုံး အတိုင်းအတာနဲ့ ညီလာခံကိစ္စတွေ၊ ညီလာခံတွေမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ တချို့ကိစ္စတွေနဲ့ ပတ်သက်ပြီး သူသဘောထားတွေ ပေးပါတယ်"
NLD ကိုယ်စားလှယ်တွေအနေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီ အသီးသီးနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ထူထောင်နိုင်ခဲ့ကြောင်း၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်နှစ်ရပ်လုံးမှာ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နိုင်ခဲ့ကြောင်းနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေနဲ့လည်း နားလည်မှုရှိစွာ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိခဲ့တဲ့ အကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်ရှိကျင်းပနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံကျင်းပရေး ကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲ အခြေအနေအပြင် လူငယ်တွေအတွက် ပညာပေးရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး တော့လည်း ဆွေးနွေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် စက်တင်ဘာလ ၁၆ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စုကို ထွက်ခွာမှာဖြစ်ပြီး အောက်တိုဘာ ၅ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံရဲ့ အဆင့်မြင့်ဆုံး အရပ်သား ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်တဲ့ Congressional Gold Medal လွှတ်တော် ရွှေတံဆိပ်ဆုကို ဒီလ ၁၉ ရက်နေ့မှာ လက်ခံရယူမှာ ဖြစ်ပါတယ်။