အစိုးရနဲ့ တွေ့ဆုံမှုကနေ ရလဒ်တချို့ ထွက်ပေါ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ပြန်လည် လွတ်မြောက်ခဲ့တာ တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ရုံးချုပ်မှာ ဒီကနေ့နိုဝင်ဘာ ၁၄ ရက် နေ့လယ် တစ်နာရီက ကျင်းပခဲ့ပါတယ်။

2011.11.14
assk-oneyear-press-305 ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ပြန်လည် လွတ်မြောက်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ရုံးချုပ်တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက် က ကျင်းပနေစဉ်။ ဓါတ်ပုံ - RFA
RFA

အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ ဝန်ကြီး ဦးအောင်ကြည်တို့နဲ့ မိမိ တွေ့ဆုံမှုတွေရဲ့ ရလဒ် အနေနဲ့နိုင်ငံရေး ဖြစ်စဉ်မှာ အပြောင်းအလဲတချို့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လွတ်မြောက်ပြီး တစ်နှစ်အတွင်း ဘာတွေ လုပ်ကိုင်ခဲ့တယ်၊ ဘာတွေ ဖြစ်မြောက်ခဲ့တယ် ဆိုတာ ရှင်းလင်းတဲ့ အဲဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့တာပါ။

လောလောဆယ် မြန်မာနိုင်ငံမှာ ပြည်တွင်း ငြိမ်းချမ်းရေး မရှိတဲ့အတွက် စိုးရိမ်ပူပန်ရကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အရေးတကြီး လိုအပ်နေတဲ့ နောက် ကိစ္စတစ်ခု ကတော့ ဥပဒေ စိုးမိုးရေးကိစ္စပဲ ဖြစ်ကြောင်း၊ လူ့အခွင့်အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ရင်းနှီး မြှုပ်နှံရေး၊ နိုင်ငံရေး အကျဉ်းသားများ အရေး စတဲ့ကိစ္စတွေ အားလုံးဟာ ဥပဒေ စိုးမိုးရေးနဲ့ အဓိက ပတ်သက်နေကြောင်းလည်း ပြောဆို ပါတယ်။ ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က -

“ဥပဒေစိုးမိုးရေးဟာ ဘာပေါ်မှာ မူတည်လဲ ဆိုတော့ လွတ်လပ်တဲ့ တရားရေး မဏ္ဍိုင် ရှိရပါမယ်။ တရားရေး မဏ္ဍိုင်ဟာ လွတ်လပ်ရမယ်။ သန့်ရှင်းရမယ်။ ဒီလို သန့်ရှင်းပြီးတော့ လွတ်လပ်တဲ့ တရားရေး မဏ္ဍိုင် မရှိလို့ကတော့ ကျွန်မတို့ နိုင်ငံမှာ ဥပဒေ စိုးမိုးရေးဆိုတာ မရှိနိုင်ပါဘူး။ ဒါဟာ နိုင်ငံ တစ်နိုင်ငံ အတွက် အင်မတန်မှ အရေးကြီးတဲ့ ကိစ္စလို့ ကျွန်မ မြင်ပါတယ်။ ဒီဟာဟာ ဒီမိုကရေစီ အတွက် မရှိမဖြစ် ရှိရမဲ့ကိစ္စ တစ်ခု ဖြစ်ပါတယ်။ အဲဒီဟာ အတွက် ကျွန်မတို့ ဆက်ပြီးတော့ ကြိုးစားသွားပါ့မယ် ဆိုတာလည်း ပြောချင်ပါတယ်”

ဒီသတင်းစာ ရှင်းလင်းပွဲကို ပြည်တွင်း အခြေစိုက် ပြည်ပ သတင်း မီဒီယာ သတင်းထောက်တွေ၊ နိုင်ငံခြား သံရုံးတွေက ပြန်ကြားရေး အရာရှိတွေ၊ ရန်ကုန်မြို့ကို ရောက်နေတဲ့ နိုင်ငံခြား သတင်းဌာန ကိုယ်စားလှယ်တွေ စုစုပေါင်း သုံးရာခန့် တက်ရောက်ခဲ့ကြ ပါတယ်။

ဒုတိယ ဥက္ကဋ္ဌ သူရဦးတင်ဦး ခေါင်းဆောင်တဲ့ ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း အစရှိတဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် အားလုံး အပြင် အဖွဲ့ချုပ် လူငယ်နဲ့ အမျိုးသမီးလုပ်ငန်း အဖွဲ့ ခေါင်းဆောင်တွေလည်း တက်ရောက်ပြီး သတင်းစာ ရှင်းလင်းပွဲကို မွန်းလွဲပိုင်း သုံးနာရီကျော်မှာ ရုပ်သိမ်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။