ဓမ္မဓိဋ္ဌာန်ကျကျ ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်က NLD ကိုယ်စားလှယ်တွေကို ပြောကြား
2012.08.06

ဒီကနေ့ မနက်ပိုင်းက လွှတ်တော် အစည်းအဝေး တက်ရောက်မဲ့ NLD ကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မနက်ပိုင်း တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တဲ့အကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။
"ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို ဖိဖိစီးစီး လုပ်ဆောင်ကြဖို့၊ နောက်ပြီးတော့ ဆွေးနွေးတဲ့ နေရာတွေမှာ ဓမ္မဓိဋ္ဌာန် ကျကျ ဆွေးနွေးကြဖို့ ကိုယ့်စိတ်နဲ့ မတွေ့တိုင်း မထောက်ခံဘူးလို့ မဖြစ်သလို၊ ကိုယ့်စိတ်နဲ့ တွေ့တိုင်းလည်း ထောက်ခံပါတယ်လို့ချည်း ပြောလို့မဖြစ်ဘူး။ အဲတော့ အချက်အလက်တွေကို သေသေချာချာ ရှာဖွေပြီးတော့ ဘယ်သူတွေ ဘယ်လိုပဲ စဉ်းစား၊ စဉ်းစားပေါ့။ ကိုယ်ကတော့ တစ်ဦးချင်းအလိုက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပီပီ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ရှေ့ရေးမြော်တွေးပြီးတော့ ဓမ္မဓိဋ္ဌာန် ကျကျ ဆွေးနွေးကြပါပေါ့။ ဒါသိပ်အရေးကြီးတယ်တဲ့"
ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမျိုးသား ယဉ်ကျေးမှု မြှင့်တင်ရေးအတွက် နိုင်ငံတော် အစိုးရကို တိုက်တွန်းကြောင်း အဆိုကို NDF ပါတီ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်းက တင်သွင်းပြီး အမျိုးသား ဒီမိုကရေစီသစ် ပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ ထူးခြားချက်ကတော့ လွှတ်တော် အဝင်မှာ သာမက လွှတ်တော် အစည်းအဝေး အဆောက်အအုံ အတွင်းပိုင်းမှာပါ လုံခြုံရေး ကိရိယာတွေ တပ်ဆင်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် သတင်း မီဒီယာသမားတွေကိုပါ လုံခြုံရေး တိုးမြှင့် စစ်ဆေးခဲ့ကြောင်း သိရပါတယ်။