နိုင်ငံရေး လုပ်တဲ့အခါ ပြည်သူကို မလှည့်ဖြားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော
2012.02.09

ဓာတ်ပုံ-NLD
အန်အယ်လ်ဒီ ဌာနချုပ်မှာ မနေ့က ပြုလုပ်ခဲ့တဲ့ အန်အယ်လ်ဒီ လူငယ်အယောက် ၃၀၀ လောက်နဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။
“လူတစ်ဦး တစ်ယောက်ကို ထာဝရ လှည့်ဖြားလို့ရရင်ရမယ်။ လူအားလုံးကို တစ်ခဏ လှည့်ဖြားလို့ရရင်ရမယ်။ လူအားလုံးကိုတော့ ထာဝရ လှည့်ဖြားလို့ မရဘူး။ ဒီအတိုင်းပါပဲ။ ကျွန်မတို့ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပဲဖြစ်စေ၊ တခြား နိုင်ငံရေး ပါတီတွေပဲဖြစ်စေ ကျွန်မတို့ဟာ ပြည်သူကို လှည့်ဖြားဖို့ မစဉ်းစားပါနဲ့။ အဲဒါလည်း အောင်မြင်မှာ မဟုတ်ပါဘူး။ တစ်ခဏ ဖြစ်ရင်ဖြစ်နိုင်တယ်။ ဒါပေမယ့် ရေရှည်မှာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ ပြည်သူကို လှည့်ဖြားပြီးတော့ လုပ်တဲ့ နိုင်ငံရေး၊ ပြည်သူကို လှည့်ဖြားပြီးတော့ စည်းရုံးတဲ့ နိုင်ငံရေး မလုပ်ပါနဲ့လို့ ကျွန်မတို့ ထပ်တလဲလဲ သတိပေးတာ ဖြစ်ပါတယ်”
လူငယ်တွေ အနေနဲ့ပါတီအတွက် တာဝန် ထမ်းဆောင်ကြတဲ့အခါ ရှေ့မျိုးဆက်တွေဆီက အတွေ့အကြုံနဲ့ လုပ်ရည်ကိုင်ရည်တွေ သင်ယူကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းပါတယ်။
“လူငယ် တာဝန်ယူမယ့် သူတွေဟာ တာဝန်သိသိနဲ့ ဘယ်လို လုပ်ရမယ်ဆိုတာကို ယခင်တုန်းက လုပ်သွားတဲ့ လူငယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ပြီးတော့ သင်ယူရမှာ ဖြစ်ပါတယ်။ အမှန်တွေလည်း ရှိခဲ့တယ်။ အမှားတွေလည်း ရှိခဲ့တယ်။ အားသာချက်တွေလည်း ရှိခဲ့တယ်။ အားနည်းချက်တွေလည်း ရှိခဲ့တယ်။ ဒီဟာတွေကို အားလုံးကို လေ့လာပြီးတော့ အခု တာဝန် ဆက်ယူရမယ့် သုံးဆယ့်ငါးနှစ်အောက် မျိုးဆက်သစ် လူငယ်တွေဟာ ဒါတွေကနေ သင်ခန်းစာ ယူနိုင်ရမယ်။ မျိုးဆက်သစ် တစ်ဆက်နဲ့ တစ်ဆက်ဟာ ပိုပြီးတော့ သာသွားတာပဲ ရှိရမယ်။ ပိုပြီးတော့ နိမ့်ကျသွားတယ်ဆိုတာ မရှိသင့်ပါဘူး”
အန်အယ်လ်ဒီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ဝင်ရောက်လုပ်ကိုင်တဲ့ လူငယ်တွေအနေနဲ့ ပြည်သူတွေကို လေးလေး စားစားဆက်ဆံဖို့၊ တစ်ဦးတစ်ယောက် နေရာရအောင်လုပ်တယ်လို့မမြင်ဘဲ အန်အယ်လ်ဒီ ပါတီအောင်နိုင်ရေး လုပ်နေတယ်လို့ မြင်ဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ အောင်နိုင်ရေးကာလမှာ မတရား လုပ်နေတာတွေ့ရရင် အချက်အလက် တိတိကျကျနဲ့ အောင်နိုင်ရေး ကော်မတီ တာဝန်ခံတွေကို တင်ပြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။