ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်း
2012.10.08
သမ္မတအဖြစ် တာဝန်ထမ်းဆောင်လိုစိတ် ရှိ မရှိ သတင်းထောက် တစ်ဦးက မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု လိုလားရင် သမ္မတ အဖြစ် တာဝန်ထမ်းဆောင်မှာ ဖြစ်ကြောင်း ပြောပါတယ်။
"ကျွန်မပြောတယ်။ ကျွန်မက နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်ပဲလို့၊ နိုင်ငံရေးပါတီတစ်ခု ခေါင်းဆောင်နေမှတော့ သမ္မတလည်း လုပ်ရဲတဲ့ သတ္တိရှိရမှာပဲ။ အဲဒီတော့ ပြည်သူလူထု လိုလားရင် လုပ်မှာပဲ။"
သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ် အတွင်းမှာလည်း သတင်းထောက်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် လက်ခံနိုင်ခြင်း ရှိ မရှိ မေးမြန်းခဲ့ပါတယ်။ အဲဒီအပေါ် သမ္မတဦးသိန်းစိန်က ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်တင်မြှောက်ရင် လက်ခံနိုင်ကြောင်း ဖြေကြားခဲ့ပါတယ်။
ကချင်ပြည်နယ် နဲ့ ရခိုင်ပြည်နယ်က ပဋိပက္ခအရေးတွေ နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားပါတယ်။
"အန်တီ ခရီးသွားတဲ့အခါ ကျတော့လည်း ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့၊ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စ... တစ်ဘက်က ဟိုတစ်ဘက်ကို မရှုံ့ချရကောင်းလား ဆိုပြီးတော့ အန်တီ့ကို ဝေဖန်ကြတယ်။ သဘောမတူကြဘူး။ ဒါပေမယ့် အန်တီက ပြောတယ်။ အန်တီက စေ့စပ်ပေးချင်တဲ့သူ တစ်ယောက်အနေနဲ့ ဟိုဘက်ဒီဘက် အပြစ်ဆိုလေ့မရှိဘူး။ အန်တီ့ကို အသုံးချလို့ ရတော့မှာ မဟုတ်ဘူး။ တစ်ဘက်အတွက်ပဲ အသုံးချလည်း ခံမှာမဟုတ်ဘူး။ နှစ်ဘက်အတွက် အဆင်ပြေဖို့ပဲ အန်တီ အသုံးချခံမှာ။ ပြည်တွင်း ငြိမ်းချမ်းရေးမှာတော့ အခုအချိန်မှာ အန်တီတို့ အနေနဲ့ တရားဝင် ပတ်သက်နိုင်တဲ့ အခြေအနေမှာ မရှိသေးပါဘူး။ တိုင်းရင်းသားတွေက လိုလားလို့ ရှိရင်တော့ ပါဝင်ဖို့ အဆင်သင့်ပါပဲ။ ဒါပေမဲ့ အခု တိုင်းရင်းသားတွေနဲ့ ဆွေးနွေးနေတာတော့ အန်တီတို့ မဟုတ်ဘူး။ အစိုးရက ဆွေးနွေးနေတာပါ။"
ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ တရုတ်နိုင်ငံကို သွားဖို့ အစီအစဉ် မရှိသေးပေမယ့် သွားချင်တဲ့ ဆန္ဒရှိပြီး ဒါဟာ အမေရိကန်နိုင်ငံကို သွားရောက်ခဲ့လို့ တရုတ်နိုင်ငံက စိုးရိမ်မှာ ပူပန်ပြီး သွားလိုတာမျိုး မဟုတ်ဘူးလို့လည်း ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲမှ ဖြေကြားချက်တချို့ကို ဒေါ်ခင်ခင်အိက စုစည်းတင်ပြထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |