ဒေါ်အောင်ဆန်းစုကြည် ဆွစ်ဇာလန်ပါလီမန် လေ့လာ
2012.06.15

မနေ့က ဂျီနီဗာမြို့ကနေ ဘန်းမြို့ကို ဆွစ်အစိုးရတာဝန်ရှိသူတွေနဲ့အတူ မီးရထားနဲ့ ရောက်ရှိခဲ့ပြီး သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ စကားပြောနေစဉ် ရုတ်တရက်နေမကောင်းတာကြောင့် သူတည်းခိုနေတဲ့ ဟိုတယ်ပြန်ပြီး အနားယူခဲ့ရပါတယ်။
"နေရာတခုတည်းမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တာကြာပြီး၊ အခု ဥရောပခရီးစဉ်အတွက် လေယာဉ်ပျံခရီးကို နာရီပေါင်းများစွာ စီးခဲ့ရတာမှာ အင်မတန်ပင်ပန်းနွမ်းနယ်မှုကို ခံစားခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄ နှစ်တုန်းကလို အရှေ့နဲ့အနောက် အချိန်ကွာဟမှုကို ခံနိုင်ရည်မရှိဘဲ ဖြစ်သွားခဲ့ရပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပြီး သတင်းစာရှင်းလင်းပွဲ တက်ရောက်သူတွေကို တောင်းပန်စကားပြောကြားခဲ့ပါတယ်။
မနေ့က ဂျီနီဗာမြို့မှာ အိုင်အယ်လ်အို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ညီလာခံကိုတက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ တာက - မြန်မာနိုင်ငံက လူငယ်တွေဟာ အလုပ်လက်မဲ့ပြဿနာ ရင်ဆိုင်နေရတာကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လက်ခံတော့မယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေသာ ဖြစ်သင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းမှာ ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့ကနေ နော်ဝေနိုင်ငံ အော်စလိုမြို့ကိုရောက်ရှိပြီး အော်စလိုမှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဗြိတိန်၊ ပြင်သစ်နဲ့ အိုင်ယာလန်ခရီးစဉ်တွေလည်း ဆက်လက်သွားဖို့ ရှိနေပါသေးတယ်။