ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တွေ့ဆုံဆွေးနွေး
2012.09.06

ဒီတွေ့ဆုံပွဲမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ရရှိဖို့ ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီ အဖွဲ့ဝင်တွေနဲ့ ရန်ကုန်တိုင်း အတွင်းက တရားဥပဒေ ဝန်ထမ်းတွေကို ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်မှာ လာမယ့် စက်တင်ဘာ ၈ ရက်နေ့ တွေ့ဆုံဖို့ ရှိတယ်လို့ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က RFA ကို ပြောပါတယ်။
”ဒေါ်အောင်ဆန်းစုကြည်က စနေနေ့ နေ့လည် တစ်နာရီမှာ ရန်ကုန်တိုင်း လွှတ်တော်ရုံးမှာ တရားဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌအနေနဲ့ ရန်ကုန်တိုင်းမှာ ရှိတဲ့ တရားသူကြီးတွေ၊ ရှေ့နေတွေ၊ ရဲတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အဖွဲ့အစည်းကလူတွေ အားလုံးတွေ့မယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ထားတယ်တဲ့”
အဲဒီ တွေ့ဆုံပွဲကို နေပြည်တော်က ပြန်ကြားရေး၊ ကာကွယ်ရေး၊ တရားရေးဌာနတွေက ဌာနဆိုင်ရာ ထိပ်တန်းအရာရှိကြီးတွေ၊ တပ်မတော် အရာရှိကြီးတွေ၊ ရဲအရာရှိကြီးတွေ အပါအဝင် တာဝန်ရှိသူ ၂၀၀ ကျော် တက်ရောက်မယ်လို့ သိရပါတယ်။