ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ဆန်းဦးနဲ့ မော်နီတာဂျာနယ်ကို တရားစွဲ

ဒေါ်အောင်ဆန်းစုကြည်က အကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ အခြားသူ ၂ ဦးကို တရားရုံးက မဆုံးဖြတ်ရသေးတဲ့ ကိစ္စကို ဆုံးဖြတ်ပြီးသကဲ့သို့ ပြောဆိုမှု တရားရုံးကို မထေမဲ့မြင်ပြုတဲ့ အမှုတွေနဲ့ ရန်ကုန်တိုင်း ဒေသကြီး တရားရုံးမှာ တနင်္လာနေ့က တရားစွဲဆို လိုက်ပါတယ်။

2011.08.10
assk-house305.jpg ရန်ကုန်မြို့ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ဖြစ်ပါသည်။
AFP

ဦးအောင်ဆန်းဦးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်ဆိုင်နေရတဲ့ အိမ်မြေ တရားမမှုနဲ့ ပတ်သက်ပြီး တရားရုံးက ဆုံးဖြတ်ချက် မချခင် ပြီးခဲ့တဲ့ ဇူလိုင်လထုတ် မော်နီတာ ဂျာနယ်မှာ အမှုအကြောင်းကို တရားရုံးက ဆုံးဖြတ်ချက် ချပြီးသကဲ့သို့ ပြောဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

"အဲဒီမှာ ဦးအောင်ဆန်းဦးက ဘယ်လို ပြောလိုက်သလဲ ဆိုတော့ အဓိက ငြင်းချက်တွေပေါ့။ သူအားလုံး နိုင်ပြီးပြီတဲ့။ ဒေါ်အောင်ဆန်းစုကြည် ဘက်ကသာ ဒီပစ္စည်းကို မရမက လက်ဝယ်ထားရှိ လိုချင်နေတယ်ပေါ့။ အဲဒီလို ပြောတယ်။ အဲဒါကို မော်နီတာ ဂျာနယ်က ထဲ့တယ်။ ဒီလို ပြောကြားချက်ဟာ တရားရုံးကို မထေမဲ့မြင် လုပ်တာဘဲ။ တရားရုံးက မဆုံးဖြတ်ရသေးတဲ့ ကိစ္စကို ဆုံးဖြတ်ပြီးသကဲ့သို့ သူအနိုင်ရမယ်ဆိုတဲ့ သဘောမျိုး ပြောတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ ဥပဒေအရ တရားရုံးကို မထေမဲ့မြင်ပြုမှုနဲ့ ညှိစွန်းပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်က တရားဆွဲရာမှာ ဦးအောင်ဆန်းဦးနဲ့ အတူ မော်နီတာဂျာနယ် ထုတ်ဝေသူ ဝဏ္ဏကျော်ထင် ဦးလှမြင့်ဆွေနဲ့ အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့ကိုပါ တရားစွဲဆိုတာ ဖြစ်ပါတယ်။

RFA က ဦးမြတ်ခိုင်ထံ ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်လုပ်လို့ မရပါဘူး။

ဒီအမှုကို ရန်ကုန်တိုင်း ဒေသကြီး တရားရုံးမှာ သြဂုတ်လ ၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေများ ဖြစ်တဲ့ ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့က ဒေါ်အောင်ဆန်းစုကြည်ထံက ကိုယ်စားလှယ် လွှဲစာရယူပြီး တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ဦးဉာဏ်ဝင်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-08-10 16:34

မြတ်ခိုင်ကို ဘယ်ဆက်သွယ်လို့ ရပါ့မလဲ။ ဖွတ် မျိုးဆိုတော့တွင်းအောင်းတော့တာပေါ့ ဟ

Anonymous
2011-08-11 03:37

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်လိပ်စာမှန်မှာ အမှတ် (၅၄)၊ တက္ကသိုလ်ရိပ်သာလမ်း ဖြစ်ပါသည်။