လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေး အကျဉ်းသား နည်းပါးမှု ဒေါ်အောင်ဆန်းစုကြည်ဝေဖန်

သမ္မတဦးသိန်းစိန် အစိုးရက လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် ထုတ်ပြန်ပြီး လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ဦးရေ မဆိုစလောက်ပဲ ပါဝင်တဲ့ အတွက် ဒီအစိုးရသစ်ဟာ ဒီမိုကရေစီ စနစ်ကို တကယ် လိုလားခြင်း ရှိပါရဲ့လားဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက် ပါတယ်။

2011.05.20
assk_independence_speech_305_z.png အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဌာနချုပ်ရုံးတွင် ဇန်နဝါရီ ၄ ရက်နေ့က ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

"လွှတ်မဲ့ အကျဉ်းသား တသောင်းကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသားက ၄၀ တောင် မပြည့်ဘူးလို့ ကြားရပါတယ်။

အင်းစိန်ထောင်ကနေ အခုအထိ အသေအချာလွတ်လာတဲ့ ၂၀၉၆ ယောက်ထဲမှာတော့ နိုင်ငံရေးအကျဉ်းသားက ၉ ယောက်ဘဲ ပါတယ်လို့ သိရပါတယ်။

ဒါဟာ အန်တီလို့ လိုချင်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်မျိုး မဟုတ်ပါဘူး။ ဒါကြောင့် တကယ်လို့ အခု အစိုးရသစ်က တကယ်ဘဲ ဒီမိုကရေစီကို လိုလားမှု ရှိ မရှိကလည်း စဉ်းစားစရာ ဖြစ်နေပါတယ်။ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး အတွက် လက်မှတ်ထိုးရေး လှုပ်ရှားမှုကို အရှိန်အဟုန်နဲ့ တိုးပြီး လုပ်ပေးစေချင်ပါတယ်။"

RFA က အပတ်စဉ်တင်ဆက်နေတဲ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်`အစီအစဉ် အတွက် လန်ဒန်မြို့က သောတရှင် တဦးရဲ့ မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် NLD ပါတီက ရွေးကောက်ပွဲ ဝင်ရောက်ခြင်း မပြုဖို့ ဆုံးဖြတ်ခဲ့တာကို ကျောခိုင်းပြီး သီးခြား ပါတီ ထောင်ခဲ့တဲ့ NDF ပါတီက NLD ရဲ့ ခမောက် တံဆိပ်ကို သူတို့ ပါတီ တံဆိပ်အဖြစ် သုံးစွဲနေတာနဲ့ ပတ်သက်ပြီး တခြားသောတရှင်တဦးက မေးမြန်းရာမှာတော့- အဲဒီလို သုံးစွဲတာဟာ သင့်တော် လျှော်ကန်ခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက် ပါတယ်။

"ဒီမိုကရေစီရဲ့ မူအရ လူတိုင်းဟာ ကိုယ့်ဆန္ဒနဲ့ ကိုယ်ရှိတာကို လက်ခံသလို ဒီမိုကရေစီရဲ့ ကျင့်စဉ်အရ အများစုရဲ့ ဆုံးဖြတ်ချက်ကို လူနဲစုက လေးစား လိုက်နာရမယ်လို့ ယုံပါတယ်။ ခမောက်ပုံကို အများပြည်သူက NLD နဲ့ ဆက်စပ်ပြီး မြင်ကြတာမို့ NLD နဲ့ ဆန့်ကျင်တဲ့ လမ်းရွေးပြီး ဒီခမောက်တံဆိပ်ဘဲ သုံးတာကတော့ ပြည်သူကို ဇဝေဇဝါ ဖြစ်စေလို့ မသုံးသင့်ဘူးလို့ဘဲ ယူဆပါတယ်။"

အပြည့်အစုံ ကိုတော့ ဒီကနေ့ည ထုတ်လွှင့်မယ့်`လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်`အစီအစဉ်မှာ စောင့်မျှော် နားဆင် နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။