ဂျာမဏီနိုင်ငံ လူအခွင့်အရေးအဖွဲ့ ဥက္ကဌ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေး
2011.06.07

Federal Foreign Office
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျာမဏီ နိုင်ငံ လူ့ အခွင့်အရေး ကော်မရှင်နာ Mr. Markus Loning ဟာ ဒီကနေ့ မနက် ၁၀ နာရီက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာရောက်တွေ့ဆုံခဲ့တာပါ။
လူ့အခွင့်အရေး ကော်မရှင်နာနဲ့ အတူ မြန်မာ နိုင်ငံ ဆိုင်ရာ ဂျာမဏီ သံအမတ်ကြီး နဲ့ အဖွဲ့ ဝင် လေးဦး ပါဝင်ပါတယ်။
NLD ပါတီဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းနဲ့ ပါတီ ဗဟိုကော်မတီဝင် ဦးဟံသာမြင့်တို့ က လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက-
"သူကတော့ သူရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေရယ်၊ နေပြည်တော်မှာ သူ့အတွေ့အကြုံတွေရယ်၊ အဲဒါတွေကို ပြောပါတယ်။ ဒေါ်စုဘက်ကလည်း သူ့ကို ပြန်ရှင်းပြတာတွေ ရှိတာပေါ့။ ဥပမာ sanction နဲ့ ပတ်သက်ပြီးတော့ ကျတော်တို့ ထုတ်ပြန်ခဲ့တဲ့ဟာရယ်၊ tourism ကိစ္စ ဒါတွေကို ဆွေးနွေး ပြောပြပါတယ်။"
ဂျာမဏီနိုင်ငံ အနေနဲ့ မြန်မာ နိုင်ငံအပေါ် ဥရောပ သမဂ္ဂက ကထားရှိတဲ့ စီးပွားရေးအရ ပိတ်ဆို့ အရေးယူထားတာတွေနဲ့ ပတ်သက်ပြီး ဖယ်ရှားပစ်ရေး စိတ်ဝင်စားမှု ရှိတယ်ဆိုတဲ့ ထင်မြင်ချက်တွေ ထွက်ပေါ်နေချိန်မှာ ခုလို ဂျာမဏီ လူ့ အခွင့်အရေး ကော်မရှင်နာက ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံတာ ဖြစ်ပါတယ်။
ဂျာမန်လူ့အခွင့်အရေး ကော်မရှင်နာဟာ မနေ့ကလည်း နေပြည်တော်မှာ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့ တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့ လွှတ်တော် ကော်မတီဝင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖေါ်ပြထားပါတယ်။