James Mackay ရဲ့ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံ PX3 ဂုဏ်ထူးဆောင် ဆု ဆွတ်ခူး

ပြင်သစ်နိုင်ငံက ဓါတ်ပုံပညာရှင်တွေ ဦးစီးပြီး နှစ်စဉ် ကျင်းပတဲ့ PX3 နိုင်ငံတကာ ဓါတ်ပုံပြိုင်ပွဲမှာ ဒီနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံကို ဂုဏ်ထူးဆောင် ချီးမြှင့်ခဲ့ပါတယ်။

2011.06.27
james_mackay_assk_305_z.jpg ပြင်သစ်နိုင်ငံက ဓါတ်ပုံပညာရှင်တွေ ဦးစီးပြီး နှစ်စဉ် ကျင်းပသော PX3 နိုင်ငံတကာ ဓါတ်ပုံပြိုင်ပွဲတွင် ၂၀၁၁ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဆု ရရှိခဲ့သည့် အင်္ဂလန်နိုင်ငံသား James Mackay ရိုက်ကူးခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံ ဖြစ်ပါသည်။
James Mackay

ဓါတ်ပုံပညာရှင် အင်္ဂလန်နိုင်ငံသား James Mackay က ဒီနှစ်ဆန်းပိုင်းလောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို သွားရောက် တွေ့ဆုံ ရိုက်ယူခဲ့တဲ့ ဓါတ်ပုံ ဖြစ်ပါတယ်။ ဒီဓါတ်ပုံမှာ အများရဲ့ ယုံကြည် လေးစားမှုကို စေ့ဆော်ပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အရှိန်အဝါ သဘောသဘာ၀ ပေါ်လွင်အောင် အမိအရ ရိုက်ယူလိုက်နိုင်တဲ့အတွက် သူ့အနေနဲ့ အလွန် ကံကောင်းတယ် လို့ James Mackay က အာအက်ဖ်အေကို ပြောပါတယ်။

ပြိုင်ပွဲဝင် ဓါတ်ပုံဆရာ အများစုရဲ့ ပုံတွေဟာ လစ်ဗျားနိုင်ငံလို စစ်ဖြစ်နေတဲ့ ဒေသက ဓါတ်ပုံတွေပါ။ ဒါတွေဟာ အလွန် အရေးကြီးပါတယ်။ အခု ကျနော်ရိုက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံမျိုးဟာ အရင် ၁၉၉၆ ခုနှစ် က ဓါတ်ပုံဆရာ Nic Dunlop ရိုက်ခဲ့တဲ့ပုံမျိူးနဲ့တူပါတယ်။ ဒါပေမဲ့ ကျနော် အလွန် ကံကောင်းတယ်လို့ ပြောရမှာပါ။ ဒေါ်စုရဲ့အိမ်မှာ တွေ့ဆုံခွင့်ရပြီး အများ လေးစားမှုကို ရယူနိုင်တဲ့ သူရဲ့ အရှိန်အဝါ သဘော ကို ပေါ်လွင်အောင် ရိုက်ယူနိုင်ခဲ့လို့ပါ။ ဓါတ်ပုံမှာ ပေါ်လွင်နေတဲ့ အဲဒီ သဘော သဘာ၀ ကိုပဲ အကဲဖြတ် ဒိုင်လူကြီးတွေ စိတ်ကြိုက်တွေ့သွားတာ ဖြစ်နိုင်ပါတယ် လို့ ပြောသွားတာပါ။

နေအိမ်မှာ ၁၅နှစ်နီးပါး အကျယ်ချုပ် ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဓါတ်ပုံရိုက်ခွင့် ရဖို့ သူ့အနေနဲ့ နှစ်နဲ့ချီပြီး စောင့်ဆိုင်းခဲ့ရတယ်လို့ James Mackay က ဆိုပါတယ်။

PX3 နိုင်ငံတကာ ဓါတ်ပုံပြိုင်ပွဲရဲ့ ထူးခြားချက်က နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခ စစ်ပွဲတွေ၊ လူ့အခွင့်အရေး ချိူးဖောက်ခံရတာတွေ၊ လူသားတွေ ရင်ဆိုင်နေရတဲ့ ဆင်းရဲဒုက္ခတွေကို ရိုက်ကူး ထားတဲ့ ဓါတ်ပုံတွေ ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

ဒီနှစ်အတွက် အိန္ဒိယနိုင်ငံသား ဓါတ်ပုံပညာရှင် ရိုက်ကူးထားတဲ့ မျက်မမြင်ကျောင်းက ကလေးတွေရဲ့ အုပ်စုလိုက်ဓါတ်ပုံကို အကောင်းဆုံး ဓါတ်ပုံဆု အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဆုပေးပွဲ အခမ်းအနားကို ဇွန်လ (၂၉)ရက်နေ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

ဓါတ်ပုံပညာရှင် James Mackay ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။