ဒေါ်အောင်ဆန်းစုကြည် ကနေဒါ လူ့အခွင့်အရေးဆု ရရှိပြန်

ကနေဒါနိုင်ငံ Quebec ပြည်နယ်က The City of Saint-Luc လူ့အခွင့်အရေး ဆုကို ဒီနှစ် အတွက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ပေးအပ် လိုက်ပါတယ်။

2011.06.07
assk_city_of_saintluc_305_z.jpg ကနေဒါနိုင်ငံ Quebec ပြည်နယ်က The City of Saint-Luc လူ့အခွင့်အရေးဆုကို ၂၀၁၁ ခုနှစ် အတွက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ပေးအပ်ကြောင်း City of Saint-Luc မြို့၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားပုံ။
RFA

ကမ္ဘာနဲ့အဝှမ်းက လူ့အခွင့်အရေး ကိစ္စရပ်တွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်သူတွေကို ရွေးချယ် ပေးအပ်တဲ့ ဒီဆုကို မြန်မာ ပြည်သူတွေ အရေး အတွက် ကြိုးပမ်း ဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်လိုက်ကြောင်း Saint Luc မြို့တော်ကောင်စီမှာ ဒီကနေ့ ကြေညာခဲ့တယ်လို့ ကနေဒါနိုင်ငံ မြန်မာ မိတ်ဆွေများ အဖွဲ့ CFOB ရဲ့ အမှုဆောင် ညွန်ကြားရေးမှုး ဦးတင်မောင်ထူးက ပြောပါတယ်။

ဒီဆုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ဖို့ တရားရေး ဝန်ကြီးဟောင်း လက်ရှိ လစ်ဘရယ် ပါတီရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် Irwin Cotler က အဆိုပြု တင်သွင်းခဲ့ကြောင်း သိရပါတယ်။

Saint Luc မြို့တော်ဝန်က မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်ပေါင်း ၂၀ ကျော်မက ကြိုးစား ရုန်းကန်မှုတွေ ၊ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ်မှာ နေအိမ် အကျယ်ချုပ် ချထားခဲ့တာတွေ ၊ တိုင်းပြည်က ထွက်ခွာသွားမယ် ဆိုရင် အကျယ်ချုပ်က လွှတ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ပြီး မြန်မာ ပြည်သူတွေ အရေး အတွက် ကြံ့ကြံ့ခံ ရပ်တည် ရင်ဆိုင် ခဲ့တာတွေ ကြောင့် အခုလို ချီးမြှင့် ပေးအပ်တာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့သိရပါတယ်။

အခုလို လူ့အခွင့်အရေး ကိစ္စကို နှစ်ပေါင်း များစွာ အားပေးတဲ့ မြို့တမြို့ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု ချီးမြင့်တဲ့အတွက် ကနေဒါ နိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေနဲ့အားတက် ဂုဏ်ယူရပါကြောင်းလည်း ဦးတင်မောင်ထူးက ပြောပါတယ်။

ဒီဆုကို ၂၀၀၀ ခုနှစ်က စတင်ချီးမြှင့် ပေးအပ်ခဲ့တာ ဖြစ်ပြီး ဆုအတွက် ဂုဏ်ပြုပွဲကို ကနေဒါနိုင်ငံ ထူထောင်တဲ့နေ့ဖြစ်တဲ့ ဇူလိုင်လ ၁ ရက်နေ့မှာ ပေးအပ် ချီးမြင့်မှာ ဖြစ်ကြောင်း သိရပါတယ်။

အရင်က ဆုချီးမြင့်ခံခဲ့ရသူ အတော်များများဟာ အမျိုးသမီးရေးတွေနဲ့ ကနေဒါ နိုင်ငံတွင်းက လူ့အခွင့်အရေး ကိစ္စတွေ အတွက် ကြိုးပမ်းခဲ့သူတွေ ဖြစ်ကြပြီး ဒုတိယ ကမ္ဘာစစ် အတွင်း ဂျာမဏီနိုင်ငံမှာ ဂျူးလူမျိုးတွေ အသတ်ခံရစဉ်က လူ ၁ သိန်းခန့် ကို ကယ်ထုတ်ခဲ့တဲ့ ဆွီဒင်သံတမန် တစ်ဦး လည်း ဒီဆုချီးမြင့် ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။