ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ်ကို ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

ဒီမိုကရေစီနည်းလမ်းနဲ့အညီ ပြည်သူလူထုက အစိုးရတရပ်ကို ရွေးချယ်တင်မြှောက်တာမျိုးကို မိမိတို့အနေနဲ့ကြိုဆို ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

2011.07.05
thai_new_pm_250_z.jpg ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဖြစ်လာမည့် မစ္စယင်လပ်ရှင်နာဝါပ်ကို အတိုက်အခံ Puea Thai ပါတီရုံးချုပ်တွင် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က အောင်ပွဲခံနေစဉ် တွေ့ရပုံ။
AFP

ရှေးဟောင်း ပုဂံဘုရားစေတီတွေကို သွားရောက်ဖူးမျှော်နေခိုက် သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ရာမှာ အိမ်နီးချင်းထိုင်းနိုင်ငံမှာ မစ္စယင်လပ်ရှင်နာဝါပ် ကို ဝန်ကြီးချုပ် အဖြစ် ထိုင်းပြည်သူတွေက ရွေးကောက် တင်မြှောက် လိုက်တာနဲ့ ပတ်သက်ပြီး ကြိုဆိုကြောင်း၊ အရေးကြီးဆုံးကတော့ ထိုင်းနဲ့ မြန်မာ နိုင်ငံကြား အထူးသဖြင့် ထိုင်းပြည်သူတွေနဲ့ မြန်မာ ပြည်သူ လူထုကြား ဆက်ဆံရေး ကောင်းမွန်ဖို့က ပိုအရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ပုဂံမြို့မှာ အနှောင့်အယှက် ကင်းစွာနဲ့ ဘုရားဖူးနိုင်ခဲ့ပြီး ဘုရားဖူးတွေကို နှုတ်ဆက်စကား ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သားငယ် ကိုထိန်လင်းနဲ့ အတူ ဒီမနက်မှာ ပုဂံက ဘုရားလေးဆူကို ဖူးမျှော်ခဲ့ကြတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အတူလိုက်ပါသွားတဲ့ ဗိသုကာပညာရှင် ဦးခွန်သာမြင့်က ပြောပြပါတယ်။

"၇ နာရီ ၅ မိနစ်လောက်က ထွက်ပါတယ်။ ပထမဦးဆုံး အာနန္ဒာ သွားပါတယ်။ အာနန္ဒာပြီးတော့ သဗ္ဗုညု၊ ပြီးတော့ မြစေတီပါ၊ မြစေတီကနေ မနူဟာပါ ဘုရားလေးဆူ ဖူးပါတယ်။"

မနက် အစောပိုင်း ဘုရားဖူးချိန်မှာ လူ သိပ်မသိသေးပေမယ့် နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဘုရားတွေ လှည့်လည် ဖူးမျှော်တဲ့ သတင်း ပျံ့သွားပြီး မနူဟာ ဘုရားကို ရောက်ချိန်မှာ ဘုရားဖူးတွေရော အနီး ပတ်ဝန်းကျင်မှာ နေထိုင်တဲ့လူတွေပါ ရောက်လာတဲ့ အတွက် ပရိသတ် အတော်များလာတယ်လို့ ဦးခွန်သာမြင့်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဘုရားဖူးတွေကို နှုတ်ဆက်စကား ပြောပါတယ်၊ ဓာတ်ပုံရိုက်တဲ့ လူတွေ တယောက်နဲ့ တယောက် တိုးဝှေ့ ရိုက်ကူးကြပြီး အာဏာပိုင်တွေဘက်က အနှောင့်အယှက် တစုံတရာ ပေးတာ မရှိဘူးလို့ ပြောပါတယ်။

မွန်းလွဲပိုင်းမှာတော့ တည်းခိုနေတဲ့ River View လို့လည်းခေါ်တဲ့ Bagan Hotel ဟိုတယ်မှာပဲ အနားယူနေပါတယ်။ ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုံဂံမြို့ကို ကြွရောက်လာတဲ့ ဆရာတော် ရှင်ဆန္ဒာဓိက ကို သွားရောက် ဖူးမျှော်ပါတယ်။

ဒီအတောတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံခရီးစဉ်နဲ့ပတ်သက်တဲ့ သတင်းနဲ့ဓါတ်ပုံတွေ ပြည်တွင်းထုတ်ဂျာနယ် တွေမှာ ဖေါ်ပြခွင့်မရပဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ရန်ကုန်ဂျာနယ် အယ်ဒီတာတဦးကတော့ တနင်္လာနေ့ ပုံမှန်ထွက်နေကျ Weekly Eleven ဂျာနယ်မှာ အဲဒီသတင်း ထည့်သွင်း ဖေါ်ပြခွင့် အပိတ်ပင် ခံရကြောင်း RFA ကို ပြောပါတယ်။

"Weekly Eleven က သူတို့ တနင်္လာနေ့ ပါအောင် ကြိုးစားသေးတယ် မပေးဘူး။ တနင်္လာ ထွက်တာ။ နှစ်ခုစလုံး သတင်းကော ဓာတ်ပုံကော ဒီ ဘုရားဖူးသွားတဲ့ သတင်းနဲ့ ဓာတ်ပုံ မပေးဘူး။ တခြား စာစောင်တွေတော့ တင်တော့ တင်ကြတယ်ဗျ။ အခု အင်္ဂါ ထွက်မယ့်ဟာတွေ ရှိတယ်ဗျာ။ တောက်လျှောက်ပဲ သူတို့ လိုက်နေကြတာ မပေးဘူး။ မပေးဘူး ဆိုတာက အဲဒီ Voice ကတော့ စနေနေ့မှ ထွက်မှာဆိုတော့ Voice ထွက်လာတဲ့ အနေအထား ကျရင်တော့ ဘယ်လိုဖြစ်မလဲ မသိဘူး။"

ဒေါ်အောင်ဆန်းစုကြည် ပုဂံကို ခရီးထွက်မယ်လို့ သတင်း ထွက်ပေါ်ချိန် ကတည်းက ဂျာနယ် သတင်းထောက်တွေ အဲဒီဒေသကို ကြိုတင် ရောက်ရှိနေကြတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ပုဂံခရီးစဉ်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်လုံခြုံရေးယူနေတဲ့ ကိုစိုးနိုင်ကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။