ပြည်ပရောက် မြန်မာတွေကို နေရပ်ပြန်မပို့ဖို့ UNHCR တိုက်တွန်း
ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို အတင်းအကြပ် နေရပ်ပြန်မပို့ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က နိုင်ငံတကာ အစိုးရတွေကို တောင်းဆိုလိုက်ပါတယ်။
နေရပ်ကထွက်ပြေးလာပြီး ပြည်ပနိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းထားတဲ့ ဒုက္ခသည် မြန်မာနိုင်ငံသားတွေကို ခိုလှုံခွင့်မပေးဘဲ နေရပ်ပြန်လွှတ်တာဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ဒုက္ခတွင်းထဲ ပြန်ပို့လိုက်တာ ဖြစ်တယ်လို့ UNHCR ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးသမားတချို့နဲ့ တက်ကြွလှုပ်ရှားသူတွေ၊ စစ်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့သူတွေဟာ နိုင်ငံတွင်းမှာ ဆက်နေလို့မရတော့တာကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မလေးရှားအစိုးရက သူတို့နိုင်ငံမှာ ခိုလှုံခွင့်တောင်းထားတဲ့ မြန်မာရေတပ်အရာရှိ ခြောက်ဦးကို ဖမ်းပြီး မြန်မာနိုင်ငံဘက် ပြန်ပို့ခဲ့ပါတယ်။
အဲဒီလေတပ် အရာရှိတွေဟာ မြန်မာနိုင်ငံအရောက် လေဆိပ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့လကလည်း ထိုင်းအစိုးရက မြန်မာအလှမယ်ဟန်လေးကို သူတို့နိုင်ငံထဲ ပေးမဝင်ဘဲ လေဆိပ်မှာ ထိန်းသိမ်းခဲ့တာကြောင့် UNHCR က တစ်ဆင့် ကနေဒါနိုင်ငံကို ပို့ခဲ့ပါတယ်။
နိုင်ငံခြားရောက်နေပြီးသား မြန်မာနိုင်ငံသားတွေဟာ နိုင်ငံတကာအစိုးရတွေရဲ့ အစောင့်အရှောက်ကို ရသင့်သလို၊ နိုင်ငံတကာဥပဒေတွေမှာလည်း ဒီလိုအတင်းအကြပ် ပြန်ပို့တာကို ခွင့်မပြုဘူးလို့ ထောက်ပြထားပါတယ်။
ဒေသတွင်းအစိုးရတွေအနေနဲ့ မြန်မာဒုက္ခသည်တွေကို ကူညီထောက်ပံ့နိုင်ဖို့လည်း UNHCR ဘက်က အကူအညီ ပေးသွားမယ်လို့ ဆိုပါတယ်။