ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာ ပွင့်လင်းမြင်သာမှု မရှိကြောင်း ဝေဖန်ခံနေရ


2019.10.18
auditor-office-yangon-622.JPG ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော် အမတ်တွေ ကြည့်ရှုခွင့်မရတော့တာကြောင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်တဲ့ ရန်ကုန်တိုင်းအစိုးရရဲ့ ပွင့်လင်းမြင်သာမှုကို လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းထုတ်လာကြပါတယ်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်က စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာကို လွှတ်တော်အမတ်တွေ အားလုံးကို ဝေဌပေး တာကြောင့် အစီရင်ခံစာမူရင်းကို အသးစိတ်ဖတ်ရှုကာ ဝေဖန်ထောက်ပြမှုတွေ လုပ်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာ စာရင်းစစ်ချုပ်ရဲ့အစီရင်ခံစာကို ပြည်သူ့ငွေစာရင်းကော်မတီရဲ့ အစီရင်ခံစာကတဆင့် သုံးသပ်ရတော့မှာမို့ အစီရင်ခံစာပါ အကြောင်းအရာ အချက်အလက် အသေးစိတ်ကို မသိရှိရတော့တာကြောင့် ပြည့်စုံမှုမရှိနိုင်ဘူးလို့ ပြောကြပါတယ်။

စာရင်းစစ်ချုပ်ရုံးရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အစီရင်ခံစာကို စာရင်းစစ်ချုပ်ရုံးက လွှတ်တော်သို့ တိုက်ရိုက်မတင် သွင်းဘဲ ပြည်သူ့ငွေစာရင်းကော်မတီမှတဆင့် တင်သွင်းဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ စီမံကိန်းများ ဖော်ဆောင်ရာမှာ ငွေကြေးစီမံခန့်ခွဲမှုပိုင်းဆိုင်ရာမှာ ပြည်သူ့ဘဏ္ဍာ ဆုံးရှုံးနစ်နာမှုတွေကို လွှတ်တော် ကိုယ်စားလှယ်တွေက ဝေဖန်မှုတွေရှိနေပါတယ်။

ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်တွေကို မဖြန့်ဝေပေမယ့် ကော်မတီက စစ်ဆေးဆောင်ရွက်နေကြောင်း ပြောပါတယ်။

အဲဒီလိုဆောင်ရွက်ချက်ကြောင့် အားနည်းချက်၊ အားသာချက်တွေရှိနေပြီး လေ့လာတွေ့ရှိချက် အစီရင်ခံစာ တင်သွင်းတဲ့ အချိန်မှာ စာရင်းစစ်ချုပ်အစီရင်ခံစာပါ အချက်တွေကို ထည့်သွင်းတင်ပြမှာဖြစ်တာကြောင့် ဌာနဆိုင်ရာတွေရဲ့ ဆောင်ရွက်ချက်တွေကိုပါ တပါတည်းသိရှိနိုင်တဲ့ အားသာချက်တွေရှိနေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ စာရင်းစစ်ချုပ်ရုံးကို RFA မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

(RFA သတင်းထောက် မဖြူဖြူခိုင် ပေးပို့သည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။