တွံတေးက တစ်ကိုယ်တော် ဆန္ဒပြပွဲ

ဒီနေ့ ကျရောက်တဲ့ ၁၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ ဆရာ ဆရာမများနေ့မှာ နိုင်ငံရေးအကျဉ်းသား ကျောင်းဆရာတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်တိုင်း တွံတေးမြို့မှာနေထိုင်တဲ့ ဆရာဦးအောင်ဖေက တစ်ကိုယ်တော် ဆန္ဒပြ လှည့်လည် ခဲ့ပါတယ်။

2011.10.05
u-aung-pe-305 တွံတေးမြို့က နိုင်ငံရေးအကျဉ်းသားဟောင်း ကျူရှင်ဆရာ ဦးအောင်ဖေ။
AAPP

ဒီကိစ္စနဲ့ ပတ်သက်လို့ ဆရာဦးအောင်ဖေက RFA ကို အခုလို ပြောပါတယ်။

“ဆရာကြီးသခင်ကိုယ်တော်မှိုင်းပုံမှာ အောက်တိုဘာ ၅ ရက် ကမ္ဘာ့ဆရာများနေ့လို့ ရေးတယ်။ ပုံကို ကိုင်တယ်။ ကျနော့် အင်္ကျီအဖြူ နောက်ကျောမှာလည်း နိုင်ငံရေး အကျဉ်းသား ဆရာများအရေး ဖြေရှင်းပေးဆိုတဲ့ စာကို ရေးတယ်။ ပြီးတော့ မြို့ထဲမှာ လိုက်လှည့်တာပါ။ နိုင်ငံရေးကြောင့် အကျဉ်းကျနေတဲ့ ဆရာတွေထဲမှာ ဘူးသီတောင် မောင်းတောက ဆရာဦးကျော်မင်း၊ ဟင်္သာတက ဆရာဦးကြည်သန်း၊ တိုက်ကြီးက ကိုအောင်ကျော်ဦး စသဖြင့်ပေါ့ဗျာ အများကြီးရှိကြပါတယ်။ ဒီဆရာတွေလွှတ်မြောက်ဖို့အတွက် မိမိရဲ့ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်တာပါ”

သူ ဆန္ဒပြ လမ်းလျှောက်ချိန်မှာ သက်ဆိုင်ရာ လုံခြုံရေး အာဏာပိုင်တွေက မော်တော်ဆိုင်ကယ်တွေနဲ့ နောက်ကနေ တောက်လျှောက် လိုက်ကြည့်ခဲ့ပြီး၊ ဓာတ်ပုံ မှတ်တမ်း ယူကြတယ်လို့ ဆရာဦးအောင်ဖေက ပြောပါတယ်။

ဦးအောင်ဖေဟာ တစ်ကိုယ်တော် ဆန္ဒပြမှုကြောင့် ထောင်ကျဖူးသလို မကြာခဏ ဖမ်းဆီး စစ်ဆေးခံရလေ့ ရှိပါတယ်။ သူဟာ ၈၈ ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင်ခဲ့လို့ ကျောင်းဆရာ အလုပ်ကနေ အဖြုတ်ခံခဲ့ရသလို၊ ထောင်ချခံရပြီးပြန်လွတ်လာတဲ့နောက်မှာလဲ နိုင်ငံရေးနဲ့ပတ်သက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျူရှင်ပြခွင့် လိုင်စင် ရုပ်သိမ်းခံ ထားရပါတယ်။

ဆရာဦးအောင်ဖေနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင် ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။