ရောင်းမကောင်းတဲ့ အောင်ဘာလေထီ တစ်လနှစ်မျိုးနဲ့ နှစ်ကြိမ်ဖွင့်ဖို့ စီစဉ်နေ

RFA Burmese
2023.09.06
ရောင်းမကောင်းတဲ့ အောင်ဘာလေထီ တစ်လနှစ်မျိုးနဲ့ နှစ်ကြိမ်ဖွင့်ဖို့ စီစဉ်နေ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က ကျင်းပသည့် အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်စတင်ခြင်း ဖွင့်ပွဲအခမ်းအနားတွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်။
MOI

စစ်ကောင်စီဟာ အောင်ဘာလေသိန်းဆုထီနဲ့ အောင်ဘာလေအွန်လိုင်းသိန်းဆုထီဆိုပြီး အောက်တိုဘာလ ၁ ရက်နေ့ကစ တစ်ရက်တည်းမှာပဲ တစ်လနှစ်ကြိမ် သီးခြားစီ ခွဲဖွင့်ပေးသွားမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆု ဌာနခွဲက ထုတ်ပြန်ကြေညာထားပါတယ်။

ထီကိုယ်စားလှယ်တွေကတော့ အောင်ဘာလေထီ ကံစမ်းသူနည်းပြီး ရောင်းအား ကျနေတာကြောင့် အခုလို လုပ်တာလို့ ပြောကြပါတယ်။

ဒါကြောင့် (၅၅) ကြိမ်မြောက် ကျပ်တစ်ထောင်တန် ထီလက်မှတ်တွေကို စက်တင်ဘာလ ၁ ရက်နေ့ကစပြီး အောင်ဘာလေသိန်းဆုထီအတွက် ထီလက်မှတ်အစောင်ရေ ခြောက်သန်းကျော် (၆,၇၅၀,၀၄၀) နဲ့ အောင်ဘာလေ အွန်လိုင်းသိန်းဆုထီအတွက် နှစ်သန်းကျော် (၂,၂၄၉,၉၄၀) ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဆုကြေးငွေဘယ်လိုပေးမယ်ဆိုတာနဲ့ ခွဲဝေချီးမြှင့်မယ့်ဆု ဘယ်လောက်ဆိုတာ ကြေညာချက်ထဲမှာ မပါတာကြောင့် တိတိကျကျ မသိရသေးဘူးလို့ ရန်ကုန်မြို့၊ ပန်းဆိုးတန်းမှာ ထီရောင်းနေတဲ့ ကိုယ်စားလှယ်တစ်ဦးက RFA ကိုပြောပါတယ်။

"ကျွန်မတို့လည်း သေချာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ထီလာထိုးတဲ့ လက်မှတ်ဝယ်တဲ့သူတွေလည်း မေးကြတယ်။ အဖြေမပေးနိုင်တော့ မဝယ်တဲ့သူက များတယ်။ နဂိုကမှ ရောင်းမကောင်းတာဗျာ။ မြေပြင်မှာရောင်းတဲ့ ထီရော၊ အွန်လိုင်းမှာရောင်းတဲ့ထီရော၊ ရောင်းလို့ရတဲ့ထီလက်မှတ်တွေရဲ့ ခုနစ်ဆယ် ရာခိုင်နှုန်းကိုပဲ ဆုမဲအဖြစ် ပေးမယ်လိုသိထားတာ။ အမြင့်ဆုံးဆုကြေးက ဘယ်လောက်ပေးမယ်ဆိုတာတော့ မသိရသေးဘူး"

အောင်ဘာလေသိန်းဆုဌာနခွဲရဲ့ ကြေညာချက်မှာတော့ အောင်ဘာလေသိန်းဆုထီရော၊ အွန်လိုင်းသိန်းဆုထီရော နှစ်ခုလုံးရောင်းလို့ရတဲ့အထဲက ခုနစ်ဆယ်ရာခိုင်နှုန်းစီကို ဆုမဲအဖြစ် ခွဲဝေပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

လာမယ့် (၅၅) ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို အောက်တိုဘာလ ၁ ရက်နေ့ မနက် ၈ နာရီမှာ ပြုလုပ်မှာဖြစ်ပြီး အွန်လိုင်းသိန်းဆုထီဖွင့်ပွဲကိုတော့ အဲဒီနေ့ မနက် ၁၀ နာရီမှာ ပြုလုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် အောင်ဘာလေထီရောင်းအား ကျဆင်းခဲ့တဲ့အတွက် ထီရောင်းချရငွေ ခြောက်ဆယ် ရာခိုင်နှုန်းကနေ ခုနစ်ဆယ်ရာခိုင်နှုန်းအထိတိုးပြီး တစ်လုံးတစ်ခဲတည်းချီးမြှင့်မယ်လို့ စစ်ကောင်စီလက်အောက်ခံ အောင်ဘာလေ သိန်းဆုဌာနခွဲက ပြောဆိုဖူးပါတယ်။

ဒါပေမဲ့ အာဏာသိမ်းနှစ်နှစ်ခွဲကျော်အတွင်း အရင်ကပေးတဲ့ အမြင့်ဆုံး ကျပ်သိန်းတစ်သောင်းခွဲဆုအစား အမြင့်ဆုံး ကျပ်သိန်းငါးထောင်ဆုသာ ဖွင့်ပေးနိုင်ခဲ့တယ် လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ထီလုပ်ငန်းရှင်တစ်ဦးက RFA ကိုပြောပါတယ်။

"စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလအထိ အောင်ဘာလေထီဆုကို အမြင့်ဆုံး ကျပ်သိန်းတစ်သောင်းခွဲထိ ဖွင့်ပေးခဲ့တာလေ။ အခုသူတို့လက်ထက်ကျမှ လဆန်း ၁ ရက်နေ့တိုင်း မကျင်းပနိုင်လို့ ရွှေ့ဆိုင်းခဲ့ရတာတွေလည်း ရှိတယ်။ ဆုငွေကလည်း ကျပ်သိန်းငါးထောင်ဆိုတာ အမြင့်ဆုံးပဲလေ။ ဒါကြောင့် ထီရောင်းသူတွေ အာဏာမသိမ်းခင်ကလောက် မရောင်းရပါဘူး။ အခု အွန်လိုင်းထီဆိုတာလည်း ရောင်းမကောင်းလို့ ဖွင့်လိုက်တာပါ"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကတော့ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့ ကတည်းက အောင်ဘာလေထီလုပ်ငန်းကို အပြီးဖျက်သိမ်းခဲ့တာကြောင့် ထီလုပ်ငန်းရှင်တွေ ဝယ်ယူ၊ ရောင်းချ၊ ဖြန့်ဖြူးတာမလုပ်ဖို့ သတိပေးတားမြစ်ဖူးပါတယ်။

မြန်မာ့အောင်ဘာလေထီကို ၁၉၃၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စစ်တပ် အာဏာမသိမ်းခင်အထိ အမြင့်ဆုံးဆုငွေ ကျပ်သိန်းတစ်သောင်းခွဲဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။