မင်္ဂလာဒုံကိုယ်စားလှယ်ကို ပါတီကနေ ထုတ်ပယ်


2019.01.20
aunghlaingwin-622.jpg ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကို တွေ့ရစဉ်
.

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကို ပါတီစည်း ကမ်းတွေ ချိုးဖောက်တဲ့အတွက် ပါတီကနေထုတ်ပယ်လိုက်ပြီလို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က RFA ကို ပြောပါတယ်။

ဦးအောင်လှိုင်ဝင်းကို ပထမတစ်ကြိမ် ပါတီစည်းကမ်းချိုးဖောက်တဲ့အတွက် စာနဲ့သတိပေးပြီးဖြစ်သလို အခုနောက် တစ်ကြိမ် စည်းကမ်းချိုးဖောက်တဲ့အတွက် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ပါတီကနေ ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဘယ်လိုပြစ်မှုမျိုး ချိုးဖောက်တာကြောင့် ထုတ်ပယ်လိုက်တယ်ဆိုတာကို ကာယကံရှင်နဲ့ ဒေါက်တာ မျိုးညွန့်က RFA ကို ထုတ်ဖော်ပြောတာမျိုး မရှိခဲ့ပါဘူး။

ဦးအောင်လှိုင်ဝင်းဟာ ငွေကြေးအမြောက်အမြား လိမ်လည်ခဲ့တယ်ဆိုတဲ့ သာသနာ့အနွယ်ဝင် ဒေါ်နန္ဒာမလာ ကိစ္စကိုလည်း လူမှုကွန်ယက်မှာ ဖော်ထုတ်ခဲ့သူဖြစ်သလို၊ ရန်ကုန်တိုင်းအစိုးရက မူလပိုင်ရှင်တွေဆီကို ပြန်မပေးတဲ့ မင်္ဂလာဒုံမြို့နယ် စမ်းကြီးဝကျေးရွာက သိမ်းဆည်းခံလယ်မြေကိစ္စနဲ့ ပတ်သက်ပြီး တိုင်းအစိုးရကို ကန့်ကွက်ခဲ့သူ လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော် စီးပွားရေးနဲ့ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်အဖြစ်ကနေ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလက ပြုလုပ်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာ လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးရဲ့ တိုင်ကြားစာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း၊ ပြစ်မှုထင်ရှားတဲ့သူတွေကို ပါတီကနေ ထုတ်ပယ်တဲ့အထိ အရေးယူသွားမှာဖြစ်ကြောင်း အစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေကို ဒေါက်တာ မျိုးညွန့်က ပြောခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။