ကိုအောင်ကိုထွေး ကို တရားရုံး မထီမဲ့မြင်မှုနဲ့ ထောင်ဒဏ် ၆လ ချမှတ်
2018.02.14

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားသူကြီး ဦးချစ်ကိုကို က တရားလိုပြုလုပ်ပြီး ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ကို တရားရုံး မထီမဲ့မြင်မှု ပုဒ်မ ၂၂၈နဲ့ ဒီနေ့ တရားစွဲဆိုပြီး အလုပ်မဲ့ထောင်ဒဏ် ၆ လ ချမှတ် လိုက်ပါတယ်။
တရားရုံးတွေမှာ မှန်ကန်တဲ့ တရားစီရင်မှု မရရှိဘူးလို့ ကလေးစစ်သားဟောင်းကို အောင်ကိုထွေး က ဒီနေ့ ရုံးထုတ်မှာ ပြောပါတယ်။
"မှန်ကန်တဲ့ တရားစီရင်မှု မရှိဘူး။ မှန်ကန်မလားလို့ တရားရုံးကို လာတယ်။ ထပ်ပြီးတော့ တရားရေးက အနိုင်ကျင့်ခံနေရတယ်။ ၂၂၈ ဆိုတဲ့ တရားရုံး မထီမဲ့မြင်မှုနဲ့ ထပ်ပြီးတော့ ကျနော်ကို ဒီနေ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်တယ်။ တရားရေးက။ အဲဒီအတွက် ကျနော်တို့ ပြည်သူတွေမှန်ကန်တဲ့ တရားစီရင်မှု ဘယ်နေ့ ဘယ်ချိန်မှာရမလဲဆိုတာကို ကျနော်အစိုးရကို ဒီနေရာမှာ မေးချင်တယ်"
ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၈ ရက်နေ့က တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရား စွဲဆိုထားတဲ့ ကိုအောင်ကိုထွေးအမှုကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးက တရားလိုနဲ့ တရားလိုပြ သက်သေတွေကို စစ်ဆေးပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်တရား သူကြီး ဦးချစ်ကိုကို က ကိုအောင်ကိုထွေးကို ပုဒ်မ ၅၀၅(ခ)နဲ့ စွဲချက်တင်လိုက်ပါတယ်။
ပုဒ်မ ၅၀၅ (ခ)နဲ့ စွဲချက်တင်လိုက်တဲ့အပေါ် ကျေနပ်မှုမရှိတာကြောင့် ကိုအောင်ကိုထွေးနဲ့ ကိုအောင်ကိုထွေးကို ဝန်းရံသူတွေက တရားစီရင်ရေးကို အယုံအကြည်မရှိကြောင်းနဲ့ မြို့နယ်တရားသူကြီးကို ဇန်နဝါရီလ ၁၇ ရက် နေ့ရုံးထုတ်မှာ ဆဲဆိုခဲ့ပါတယ်။
အဲဒီလိုလုပ်ဆောင်ခဲ့မှုကြောင့် ကိုအောင်ကိုထွေးကို ဝန်းရံခဲ့သူတွေထဲက ဒေါ်လေးလေးနဲ့ ကိုနောင်နောင် တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) အပြင် ဆူပူမှုပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်း၊ ဝန်းရံသူတွေထဲက ကိုဇော်ကြီး၊ မခင်ချိုနိုင်၊ မသန်းသန်းထွေး တို့ကိုလည်း တရားရုံးက တရားခံပြေးအဖြစ် သတ်မှတ်ထားပြီး ကိုအောင်ကိုထွေးကိုလည်း တရားရုံးမထီမဲ့မြင့်မှုနဲ့ ဒီနေ့ထောင်ဒဏ် ၆ လ အမိန့် ချမှတ်ခဲ့တာဖြစ်ပါတယ်။