ကလေးစစ်သားဟောင်းအမှု အာမခံပယ်ချခံရ
2017.11.09

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး အမှုနဲ့ပတ်သက်ပြီး အာမခံလျှောက်ထားတာကို ဒီကနေ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံးက ပယ်ချလိုက်ပါတယ်။
ကိုအောင်ကိုထွေး အနေနဲ့ မထွက်ပြေးဘူးဆိုတဲ့ သက်သေမပြနိုင်တဲ့အတွက် အာမခံမပေးဖို့ တရားရုံးက ဆုံးဖြတ်တာဖြစ်တယ်လို့ မြို့နယ်တရားသူကြီးက တရားခွင်မှာပြောခဲ့ကြောင်း ကိုအောင်ကိုထွေးရဲ့ ရှေ့နေ ဦးဇော်မင်းလှိုင်က ပြောပါတယ်။
"မထွက်ပြေးနိုင်ဘူးဆိုတဲ့ သက်သေအထောက်အထား ခိုင်လုံအောင် မတင်ပြနိုင်ဘူးဆိုတဲ့အတွက် တရားခံ ထွက်မပြေးပါဘူးလို့ ထွက်ပြေးရင် တာဝန်ယူပါမယ်လို့ လုံလောက်တဲ့ အာမခံ နှစ်ယောက်ထည့်သွင်းထားပြီးပြီ၊ အဲဒီထက်ပိုပြီးတော့ ဘာအာမခံစရာ လိုလိမ့်မတုန်း၊ ထွက်မပြေးပါဘူးဆိုတဲ့ သက်သေ မပြနိုင်ဘူးဆိုရင် ဥပဒေမှာ ဒီထက်ပြစရာလည်း မရှိဘူး၊ အဲဒီတော့ တရားရုံးရဲ့ ဆင်ခြင်တုံတရားပဲ၊ ရှင်းရှင်းပြောရရင် ထွက်ပြေး မယ်လို့ ယုံကြည်လို့ ဒီအမိန့်ကို ချလိုက်ပါတယ်လို့ မပါတာလေးပဲရှိတယ်"
ကိုအောင်ကိုထွေးကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က စတင်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီကနေ့ ရုံးထုတ်စစ်ဆေး မှုဟာ ၇ ကြိမ်မြောက် စစ်ဆေးတာဖြစ်ပါတယ်။
ဒီနေ့မှာ တရားလိုပြသက်သေ တစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးထွန်းနိုင် ဆိုသူကို စတင်စစ်ဆေးခဲ့ပါတယ်။
ဗိုလ်ကြီးထွန်းနိုင်က သက်သေအဖြစ် လာရောက်ထွက်ဆိုတာဟာ မိမိသဘောဆန္ဒအရ လာရောက်သက်သေ ထွက်ဆိုတာမဟုတ်ဘဲ အထက်အရာရှိက နှုတ်မိန့်ညွှန်ကြားချက်ကြောင့် လာရောက်ထွက်ဆိုတာ ဖြစ်တယ်လို့ တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။
ကိုအောင်ကိုထွေးကို လာမယ့် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ၈ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမှာဖြစ်ပြီး အဲဒီရုံးထုတ်မှာ တပ်မတော်က တင်သွင်းထားတဲ့ တရားလိုပြသက်သေတွေကို ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ကိုအောင်ကိုထွေးဟာ ၂၀၀၅ ခုနှစ်အတွင်းက ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရသူဖြစ်ပါတယ်။ RFA က ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံအစီအစဉ်မှာ သူ့ရဲ့ ကလေးစစ်သားဘ၀ အတွေ့အကြုံတွေကို ပြောခဲ့တဲ့အတွက် တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။