ဖွဲ့စည်းပုံစာအုပ်ကို ခြေထောက်နဲ့ မနင်းခဲ့ကြောင်း ကိုအောင်ကိုထွေး ထွက်ဆို
2018.10.02

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က အမှုဖွင့်တရားစွဲဆိုခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ခြေထောက်နဲ့ နင်းခဲ့တာမရှိကြောင်း ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး က ဒီနေ့ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် တရားခွင်မှာ ထွက်ဆိုခဲ့ပါတယ်။
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ (၇) အမှုအတွက် ကိုအောင်ကိုထွေးကို ဒီနေ့ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ စတင်စစ်ဆေးခဲ့တာပါ။
ပုဒ်မ(၇)နဲ့ အမှုစွဲတင်ဖို့ ရဲအရာရှိတွေက သူ့ကို လာရောက်စစ်ဆေးခဲ့တာမရှိကြောင်း ကိုအောင်ကိုထွေးက တရားခွင်မှာ ထွက်ဆိုခဲ့တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင် က ပြောပါတယ်။
“ကျနော်ထင်တယ်၊ ဒီလဟာ အောင်ကိုထွေးကို အပြီးသတ်အမိန့်ချမှတ်နိုင်တယ်။ အောင်ကိုထွေးက ကိုယ်တိုင် ကလည်းပြောပြီးသား သူ့ကိုရဲက လုံးဝမစစ်ဘူး။ မစစ်ဘဲနဲ့ သူ့ထွက်ချက်ကို အမှုတင်ခါနီးမှ ဖန်တီးလိုက်တယ်။ ရဲကလည်းဝန်ခံတာက တရားစွဲဆိုတင်ခါနီးမှ အောင်ကိုထွေးရဲ့ ထွက်ချက်ကိုထည့်ပါတယ်ပေါ့။ တကယ်တမ်းက အောင်ကိုထွေးရဲ့ ထွက်ဆိုချက်ကို သူတို့မယူခဲ့ဘူးဗျ။”
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ စွဲချက်တင်ခဲ့စဉ် ကိုအောင်ကိုထွေး ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ခြေထောက်နဲ့ နင်းခဲ့တယ်ဆိုပြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှူးရဲမှူး မောင်မောင်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားတာပါ။
သူအနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က တရားစွဲဆိုခိုင်းတာကြောင့် တရားစွဲဆိုတာဖြစ်ကြောင်းလည်း ရဲမှူးမောင်မောင် က တရားခွင်မှာ ထွက်ဆိုထားပါတယ်။
ကိုအောင်ကိုထွေးက သူ့အနေနဲ့ အချုပ်သားအဖြစ် ထိန်းသိမ်းခံထားရသူဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ယူဆောင်လာတာမရှိကြောင်းနဲ့ ဒီပုဒ်မအရ အပြစ်တစ်စုံတရာကျူးလွန်မှုမရှိကြောင်း တရားခွင်မှာ ထွက်ဆိုခဲ့ ပါတယ်။
လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့မှာ တရားစွဲခံရသူဘက်က သက်သေတွေကို စစ်ဆေးပြီးနောက် နောက်ထပ်ရုံးချိန်းမှာ အပြီးသတ် အမိန့်ချမှတ်တော့မယ်လို့ သိရပါတယ်။